သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံနဲ့သမ္မတ ရုံးထုတ်၊ အတိုင်ပင်ခံအမှုထပ်တိုး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ သမ္မတဦးဝင်းမြင့် (ဝဲ)။ (မတ် ၃၀၊ ၂၀၁၈)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ သမ္မတဦးဝင်းမြင့် (ဝဲ)။ (မတ် ၃၀၊ ၂၀၁၈)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အမှုတိုး တရားစွဲလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဒီကနေ့ Video Conferencing နဲ့ ရုံးထုတ်ရာမှာ အခုလို သိခဲ့ရတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သားအစိုးရခေါင်းဆောင် နှစ် ယောက်ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ Video Conferencing နဲ့ ရုံးထုတ်ရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မနဲ့ နောက်ထပ် တရားစွဲထားတဲ့အကြောင်း သိခဲ့ရတယ်လို့ ဥပဒေအကျိုးဆောင် ဦးခင်မောင်ဇော်က ပြောလိုက်တာ ဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကိုတော့ အရင်ကစွဲဆိုထားတဲ့ ပုဒ်မနဲ့ပဲ စွဲဆိုထားကြောင်းလည်း နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

"အမှုတွေကတော့ ကျနော်တို့သိထားတာနဲ့ နည်းနည်းလေးတော့ ကွာသွားတယ်ဗျ။ နိုင်ငံတော်အတိုင်ပင်ခံက အရင်ကျနော်တို့ သိထားတဲ့အမှုက ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့စွဲထားတဲ့ အမှုတခုပဲရှိပါတယ်... ရမန်ယူထားတာ။ အခုတော့ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့တမှု၊ အဲဒီတမှုက အမှုနံပါတ် ၃၈ (၂၀၂၁) ဇဗ္ဗူသီရိတရားရုံးပေါ့နော်။ နောက်တမှုကတော့ သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅၊ အဲဒါကတော့ အမှုနံပါတ် ယာယီ ၃၇ ပေါ့။ အဲဒီ ၂ မှုနဲ့ တင်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့ပဲ။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်မယ်ဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် ကျခံရမှာဖြစ်ပြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဟာလည်း အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ရှေ့နေဦးခင်မောင်ဇော်က အမှုမှာ လိုက်ပါဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပြီး၊ ဥပဒေပညာရှင်ဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ကတော့ ကိုယ်တိုင်အမှု ရင်ဆိုင်ကောင်း ရင်ဆိုင်ဖွယ်ရှိတယ်လို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ ချိန်းဆိုထားပြီး Video Conferencing နဲ့သာ ရုံးထုတ်လိမ့်မယ်လို့လည်း ပြောပါတယ်။

"ရုံးချိန်းကတော့ ၁ ရက်နေ့.... ကျနော်တို့ပါဝါရပြီဆိုရင် အဲဒီအမှုတွေအတွက် နှစ်ဘက်ရှေ့နေတွေက Video Conferencing နဲ့ပဲ။ ကာယကံရှင်တွေလည်း ရှိနေမယ်။ ဒါပေမဲ့ နှစ်ဘက်ဥပဒေအရာရှိနဲ့ ကျနော်တို့ကတော့ တရားသူကြီးနဲ့ ညှိပြီးတော့ ဒီအမှုကို CMP လုပ်မယ်။ အားလုံးသိတဲ့အတိုင်းပဲ အခုနောက်ပိုင်း Case Management Program အောက်မှာ ဒီအမှုကို ဘယ်လိုစစ်ဆေးမလဲဆိုတာ အဲဒီနေ့ကျမှ အကောင်အထည် ပေါ်ပါလိမ့်မယ် ခင်ဗျ။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် တရားစွဲဆိုထားပေမဲ့ တရားရုံးလုပ်ငန်းတွေ ရှင်းရှင်းလင်းလင်း မရှိတဲ့အပေါ်မှာ ဥပဒေပညာရှင်တွေ ဝေဖန်နေကြပါတယ်။ တရားစွဲခံထားရသူတွေ ရှေ့နေဖြစ်သူနဲ့ တွေ့ခွင့်မရတာ၊ ရုံးချိန်းကို တရားရုံးသဘောဆန္ဒနဲ့ ရက်အပြောင်းအရွှေ့လုပ်တာတွေဟာ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ရှေ့နေဦးကြီးမြင့်က ဗွီအိုအေကိုပြောပါတယ်။

"ရုံးချိန်းတွေကို ၁၇ ရက်နေ့လို့ ဦးခင်မောင်ဇော်တို့ကို တမျိုးပြောတယ်။ ပထမ ရမန် ၁၅ ရက်နေ့စေ့နေတာကို ၁၇ ရက်နေ့ကလို့ပြောတယ်။ ပြောပြီးတော့ တခါ ၁၆ ရက်နေ့မှာထုတ်တယ်။ အဲဒါက ငါတို့လုပ်ချင်သလို လုပ်မယ်၊ ငါတို့က တရားရုံးပဲဆိုတဲ့ အခါကျတော့ တရားရုံးကိုယ်တိုင်က ဥပဒေတွေကို မလေးစားရာရောက်တာပေါ့။ အဲဒါတွေလောက်ထိကတော့ မှန်မှန်ကန်ကန်လုပ်သင့်တယ်ဗျာ မဟုတ်ဘူးလား။"

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ တောင်းခံခဲ့တာကို မြန်မာအာဏာပိုင်တွေက ငြင်းပယ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

နေပြည်တော်မှာလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ နိုင်ငံခြားငွေစီးဆင်းမှုတွေ တွေ့ရှိထားသလို၊ အချက်အလက်တွေလည်းရရှိထားပြီးဖြစ်တယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။ အသေးစိတ်ကို ရှင်းလင်းထုတ်ပြန်တာလုပ်မယ်လို့ ဆိုပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတချို့ကိုလည်း စစ်အာဏာပိုင်တွေဘက်က ခေါ်ယူမေးမြန်းမှုတွေ ရှိနေပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေအပေါ် နောက်ထပ် စွဲချက်တင်မှုတွေ လုပ်လာမယ့် အလားအလာတွေလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG