သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်ပုဒ်မတခုထပ်တိုး


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ပို့စ်စတာကို ကိုင်ပြီး ဆန္ဒပြနေသူတဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာတွေ့ရ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ပို့စ်စတာကို ကိုင်ပြီး ဆန္ဒပြနေသူတဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာတွေ့ရ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ဒီကနေ့ နောက်ထပ်ပုဒ်မ တစ်ခုထပ်တိုးပြီးတော့ တရားစွဲလိုက်တဲ့အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် တရားရုံးတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပထမစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေနဲ့ပါ နောက်တမှု ထပ်စွဲတယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

သမ္မတဦးဝင်းမြင့်ကိုတော့ ပထမစွဲတင်ထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေနဲ့ပဲ တရားစွဲထားတယ်လို့လည်း ပြောပါတယ်။

မတ်လ ၁ ရက်နေ့ကို နောက်ထပ်ရုံးချိန်းပေးထားတယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့တော့ "ဘာသတင်းမှ မကြားရရင် သတင်းကောင်းပါပဲ၊ အခုထိတော့ ဘယ်လိုသတင်းဆိုးမျိုးမှ မကြားရသလို ရထားတာလည်းမရှိပါဘူး။" လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းယူလိုက်ချိန်ကတည်းက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သူတို့လုံခြုံရေးအတွက် ဘေးရန်ကင်းတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပေမဲ့ လုံခြုံရေးအရ ဘယ်လိုအန္တရာယ်ရှိနေတာလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG