သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခြံ လေလံဈေးသစ်ပြင်ဖို့ အကိုဖြစ်သူကြိုးစားနေ


ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်သည့်နေ့မြင်ကွင်း (သြဂုတ် ၁၅၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်သည့်နေ့မြင်ကွင်း (သြဂုတ် ၁၅၊ ၂၀၂၄)

နှစ်ရှည် အကျဥ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရောင်းချဖို့ လုပ်နေတာမှာ ဝယ်မယ့်သူမရှိတာမို့ စျေးနှုန်း ပြင်ဆင်သတ်မှတ်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ထပ်ပြီးကြိုးစားနေပါတယ်။

လေလံတင် စျေးနှုန်း ထပ်မံ လျှော့ချ ပြင်ဆင်ဖို့ လျှောက်လဲချက်ကို ဦးအောင်ဆန်း ဦးရှေ့နေတွေက လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ တရားရုံးကို တင်သွင်းဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ ရှေ့နေအဖွဲ့ကို ဗွီအိုအေက ကြိုးစား ဆက်သွယ်ပေမဲ့ တုံ့ပြန်ချက် မရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့အိမ်ကို ၂ ကြိမ် လေလံပစ်ခဲ့ပေမဲ့ ခုချိန်ထိ ဝယ်မယ့်သူ မရှိသေးပါဘူး။

ပထမတကြိမ် မတ်လ ၂၀ ရက်နေ့တုန်းက ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ ဝယ်မယ့်သူ မရှိခဲ့လို့ ဩဂုတ်လ ၁၅ ရက်နေ့က ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ နဲ့ ထပ်မံ လေလံပစ်ခဲ့တာမှာလည်း ဝယ်ယူသူမရှိခဲ့ပါဘူး။ ဒါကြောင့် လေလံစျေးသစ်ကို တရားပြိုင် ဦးအောင် ဆန်းဦးက စျေးနှုန်း ပြင်ဆင်သတ်မှတ်ဖို့ ထပ်မံကြိုးစားနေတယ်လို့ တရားရေး သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မိသားစုပိုင် အိမ်ကို ဒေါ်အောင်ဆန်းစုကြည် သဘောတူညီချက် တစုံတရာ မရှိဘဲ တရားရုံးက တဖက်သတ် အမိန့်ချ လေလံပစ် ရောင်းချနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကလည်း ကန့်ကွက်ထားပြီး အယူခံ တင်သွင်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်သည့်နေ့မြင်ကွင်း (သြဂုတ် ၁၅၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်သည့်နေ့မြင်ကွင်း (သြဂုတ် ၁၅၊ ၂၀၂၄)

ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဟာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ထောင်ဒဏ် (၂၇)နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့အိမ် ဖြစ်ပြီး ဒီအိမ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတ ဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအရ အရေးပါတဲ့ သမိုင်းဝင် အဆောက်အဦးတခုဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအတွက် အထင်ကရ အဆောက်အဦးတခု ဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG