သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပြည်တွင်းတရားစီရင်ရေး


စစ်ကောင်စီ တရားခွင်အတွင်း တွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်။ (မေ ၂၄၊ ၂၀၂၁)
စစ်ကောင်စီ တရားခွင်အတွင်း တွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်။ (မေ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့ အမှု ၂ ခုအတွက် အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ် အံ့သြထိတ်လန့်ရတယ်လို့ ပြည်တွင်းက ရှေ့နေတွေက ပြောပါတယ်။ လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့ကျရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ် အမှု ၂ ခုအတွက် အမိန့်ချဖို့ ရှိနေပါတယ်။ စစ်ကောင်စီက တရားစွဲတဲ့အမှုတွေ တရားမျှမျှတတ စစ်ဆေးစီရင်နိုင်မှုနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် တင်ပြပေးထားပါတယ်။

စစ်ကောင်စီ တရားစွဲထားတဲ့ အမှုပေါင်း ၁၂ မှုထက်မနည်းနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၂ ခုအတွက် ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချလိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ပူးတွဲတရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှုအတွက် ၃ ဦးလုံးကို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပါတယ်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ပုဒ်မ ၂၅ နဲ့ သီးခြားစီ တရားစွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှုတွေအတွက်လည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ နေပြည်တော် အထူးတရားရုံး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့နေတယောက်က ခုလိုပြောပြပါတယ်။

“ဒီ သဘာဝဘေးအန္တရာယ်နဲ့ ချတဲ့ပုဒ်မက ဘာလဲဆိုတော့ လမ်းမဘက်ထွက် နှုတ်ဆက်တာပေါ့လေ။ အဲဒါက ကိုဗစ်စည်းကမ်းအရ တဦးနဲ့တဦး ၆ ပေအကွာဖြစ်ရမယ်၊ ခုက ၆ ပေအတွင်းဖြစ်နေလို့ အပြစ်ရှိတယ်တဲ့၊ အဲလိုပြောပြီး အမိန့်ချတယ်။ နောက်တမှု ၅၀၅ (ခ) ကျတော့ တရားရုံးက ဘယ်လိုအကြောင်းပြလဲ ဆိုတော့ ဒီထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ၂ စောင်နဲ့ ပတ်သက်ပြီးတော့ ဒီ စွပ်စွဲခံရသူတွေဟာ ဒီထုတ်ပြန်ချိန်မှာ သူတို့မပါဘူးဆိုတာ သက်သေမပြနိုင်ဘူး။ သူတို့က ၁ ရက်နေ့တည်းက အဖမ်းခံထားရတာ ပေါ်ပေါက်ပြီးသားလေ။ အဲလိုကို ဘယ်လိုသက်သေပြရမလဲ။ နောက် သက်သေပြဖို့တာဝန်က တရားလိုမှာပဲရှိတာ၊ စွပ်စွဲခံရသူတွေမှာ မရှိဘူး။ အဲဒါကို ၁ ရက် ၂ လမှာ ထိန်းသိမ်းခံရတာ ပေါ်ပေါက်ရက်သားနဲ့ လိုင်းပေါ်တင်တဲ့ဟာကို ဒီစွပ်စွဲခံရသူတွေက သက်သေမပြနိုင်လို့ဆိုပြီး အပြစ်ချလိုက်တာ။”

ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးခံထားရစဉ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ စောင်နဲ့ ပတ်သက်လို့ ပါတီအကြီးအကဲတွေဖြစ်တဲ့ သူတို့ ၃ ဦးလုံးမှာ တာဝန်ရှိလို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သဘာဝဘေးအမှုကတော့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဥတ္တရသီရိမြို့နယ်ထဲ ဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က ထွက်ပြီး လက်ပြ နှုတ်ဆက်ချိန်မှာ စည်းကမ်းချက်တွေကို မလိုက်နာဘူးလို့ ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအမှု ၂ ခုလုံးအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်စီ ဒီနေ့ ချမှတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုတွေနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေး စီရင်ပုံတွေက ထိတ်လန့်စရာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဝါရင့် ဥပဒေအကျိုးဆောင် ရှေ့နေတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“ဆရာတို့က အံ့ဩတာပေါ့။ တကယ်ပြောရင်တော့ တရားစွဲအဖွဲ့အစည်းက တရားစွဲသည့်တိုင်အောင် ဒီအမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကော သမ္မတကြီး ဦးဝင်းမြင့်ကော ပြစ်ဒဏ်မချမှတ်ဘဲ လွတ်လွတ်ကင်းကင်း ပြီးသွားလိမ့်မယ်လို့ ဆရာတို့က ဒီတိုင်းပဲ မျှော်လင့်ခဲ့တာပါ။ မျှော်လင့်ခဲ့တာကလည်း ဥပဒေအကိုးအကားပေါ်မှာပဲ မူတည်တာပါ။ ပြစ်ဒဏ်တရပ် ချမှတ်လိုက်တာက တော်တော်လေးကို အံ့အားသင့်စရာ အနေအထား ဖြစ်တယ်လို့ ဆရာ ဒီလိုပဲ ရိုးရိုးသားသားဘဲ ဥပဒေသမားအနေနဲ့ မြင်ပါတယ်။ ဒီလိုမျိုး ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာကို ကျနော်ကြည့်မိတာ တော်တော်အံ့အားသင့်ပါတယ်။ တော်တော်လေးလည်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ်မှာ တော်တော်လေး အံဩထိတ်လန့်မှု ဖြစ်ရပါတယ်။”

နောက် တရားလွှတ်တော်ရှေ့နေ တယောက်ကလည်း နိုင်ငံရေး အခြေအနေကြောင့် တရားသူကြီးတွေ အနေနဲ့ လွတ်လွတ်လပ်လပ် စီရင်နိုင်ဖို့ အားနည်းတယ်လို့ ခုလိုပြောပါတယ်။

“နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေတဲ့အတွက် သူတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ ဥပဒေကို လိုက်နာဖို့ သူတို့ခမျာ အားနည်းတယ်။ အဲ့အတွက် သူတို့ကတော့ ချနေမှာပဲ။ လက်ရှိပုဂ္ဂိုလ်ကတော့ တရားဥပဒေ စိုးမိုးတယ်ပဲ ပြောနေမှာ။ တရားဥပဒေစိုးမိုးမှုနဲ့ တရားသူကြီးတွေ လွတ်လပ်မှု မျှမျှတတနဲ့ ဆင်ခြင်တုံတရား မရှိတဲ့အခါမှာတော့ ဒီလိုပဲ ဆုံးဖြတ်နေမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချခဲ့ပေမယ့် အကျဉ်းထောင်ကို မပို့ဘဲ လက်ရှိ ဖမ်းဆီးထားတဲ့ နေရာမှာပဲ ဆက်ထားပြီး တခြားအမှုတွေကို ဆက်ရင်ဆိုင်စေမယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တနင်္လာနေ့တိုင်း စစ်ဆေးနေကျ အမှုတွေဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်တယ်ဆိုတာနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက်လည်း အပြီးသတ် နှစ်ဖက်လျှောက်လဲချက် တင်ပြီးပြီလို့ စုံစမ်းသိရပါတယ်။ အဲဒီအမှု ၂ ခုလုံးကို လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်လို့ တရားသူကြီးက သတ်မှတ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေကို မီဒီယာကို သတင်းမပေးဖို့ စစ်ကောင်စီက အမိန့်ထုတ် တားမြစ်ထားတဲ့အတွက် ထောင်ဒဏ်ချမှတ်တဲ့အပေါ် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ရှေ့နေတွေဘက်က ဒီကနေ့ အမိန့်ချတဲ့ အမှုတွေနဲ့ ပတ်သက်လို့ အထက်တရားရုံးအဆင့်ဆင့် အယူခံတင်သွားမယ်လို့ စုံစမ်းသိရပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)













XS
SM
MD
LG