သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဒေါ်စုနဲ့ တွေ့မည်


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ တုန်းက မြန်မာကာဒီနယ် ချားလ်စ်ဘို နှင့်တွေ့ဆုံစဉ် (MOI)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ တုန်းက မြန်မာကာဒီနယ် ချားလ်စ်ဘို နှင့်တွေ့ဆုံစဉ် (MOI)

နိုင်ငံတကာဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဟာ ရှေ့သီတင်းပတ်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်တယ်လို့ ဗာတီကန် နန်းတော်ကို ရောက်နေတဲ့ မြန်မာကာဒီနယ် ချားလ်စ်ဘို ကပြောပါတယ်။

ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ မေလ ဒုတိယပတ်အတွင်း တွေ့ဆုံစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးလုံးဆီကို ငြိမ်းချမ်းရေး အမှာစကားပါးလိုက်ဖို့ ပုပ်ရဟန်းမင်းကြီးက ကတိပေးခဲ့ကြောင်း ကာဒီနယ် ချားလ်စ်ဘိုကဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီးတင်ပြမှာပါ။

ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့ ဗာတီကန်မှာ တွေ့ဆုံစဉ် (မေလ ၈ ရက်) ဓါတ်ပုံ- CBCM OSC
ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့ ဗာတီကန်မှာ တွေ့ဆုံစဉ် (မေလ ၈ ရက်) ဓါတ်ပုံ- CBCM OSC

ကက်သလစ် ထုံးတမ်းစဉ်လာအရ ပုပ်ရဟန်းမင်းကြီး အပါအဝင် ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးရဲ့ ဝန်ကြီးဌာနတွေနဲ့ ငါးနှစ်တကြိမ် တွေ့ဆုံဖို့ ရန်ကုန်သာသာနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးတွေဟာ မေလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဗာတီကန်နန်းတော်ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ သီးသန့်တွေ့ဆုံရာမှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးရဖို့ မြန်မာ ခေါင်းဆောင်နှစ်ဦးကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း ဗာတီကန်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကာဒီနယ် ချားလ်စ်ဘိုကပြောပါတယ်။

"မြန်နိုင်ငံ ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပေးဖို့ ကျနော် ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံခဲ့ပါတယ်။"

အဲဒီအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ကတိပေးခဲ့တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။

ကမ္ဘာက အာရုံစိုက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကိစ္စနဲ့ ပတ်သက်လို့လည်း ပုပ်ရဟန်းမင်းကြီးနဲ့ အဓိကဆွေးနွေးခဲ့တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။

"နိုင်ငံတကာ ဘာသာပေါင်းစုံငြိမ်ချမ်းရေးအဖွဲ့ အနေနဲ့လည်း အစီအစဉ်ရှိထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရက်လည်း သတ်မှတ်ထားပြီးပါပြီ။ မေလ ၂၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ဝင်တွေနဲ့အတူ ဥရောပ သံအမတ်တချို့လည်း ပါဝင်မှာပါ။ မေလ ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို လေယာဉ်နဲ့ သွားပြီး အခြေအနေတွေကို ကျနော်တို့ ကိုယ်တိုင် ကြည့်ရှု့မှာဖြစ်ပါတယ်။"

အဲဒီလို ကိုယ်တိုင်သွားရောက်ကြည့်ရှုတဲ့ ရလဒ်အဖြစ် သဘောထားကြေညာချက်ကို ထုတ်ပြန်မှာဖြစ်တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ဆိုပါတယ်။

"အဖြစ်အပျက် အခြေအနေမှန်တွေအပေါ်မှာ အမှီအခိုကင်း လွတ်လပ်တဲ့ ကျနော်တို့ရဲ့ သဘောထားကြေညာချက်ထုတ်ပြန်မှာဖြစ်တယ်လို့ အစိုးရနဲ့ တပ်မတော်ကို ကတိပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကုလသမဂ္ဂ သတင်းတွေအပါအဝင် အစ္စလမ်မစ် သတင်းမီဒီယာ စတဲ့ ပြည်ပ သတင်းမီဒီယာတွေက သိပ်အားကောင်းနေပြီး၊ ကျနော်တို့ မြန်မာနိုင်ငံ ပြည်တွင်း သတင်းတွေက အလွန်ပဲ အားနည်းပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ်တိုင် အခြေအနေတွေကို သွားရောက်ကြည့်ရှုပြီး ကျနော်တို့ ဘာတွေမြင်ခဲ့လဲ၊ ကျနော်တို့ရဲ့ သဘောထားမှတ်ချက်တွေ စတဲ့ မှန်ကန်တဲ့အခြေအနေပေါ်မှာ သဘောထားကြေညာချက်ထုတ်ပြန်မှာ ဖြစ်ပါတယ်။"

နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ လူဦးရေ စုစုပေါင်း နှစ်သန်းရှိနေပြီး အဲဒီထဲက တသန်းဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပြီး၊ နောက်ထပ် တသန်းကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား စတဲ့နိုင်ငံတွေမှာ ရောက်ရှိနေပြီး သူတို့ အခြေအနေကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာညီလာခံတရပ်ကို ဒီနှစ်အတွင်း ကျင်းပဖို့ ပုပ်ရဟန်းမင်းကြီးက သဘောတူခဲ့တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။

"အကူအညီလိုအပ်နေတဲ့ လူဦးရေ နှစ်သန်းအတွက် ဘယ်လိုအထောက်အကူတွေပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အစည်းအဝေးတခု ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ စီစဉ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးကို ကျနော်မေတ္တာရပ်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်နိုင်ငံကမှ သူတို့ကို နိုင်ငံသားဖြစ်ခွင့် မပေးချင်ကြပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်မှ သူတို့ကို လက်ခံထားတာဟာ နိုင်ငံတကာရဲ့ အကူအညီတွေ ရရှိနေလို့ဖြစ်ပါတယ်။ တကယ်လို့ အဲဒီအကူအညီတွေ ရပ်တန့်သွားမယ်ဆိုရင် သူတို့အနေနဲ့ ဆက်လက်ပြီး ဒုက္ခသည်တွေကို ကူညီပေးဖို့ လိုလားမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။"

အခုလက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့လည်း ကာဒီနယ် ချားလ်စ်ဘိုက

"ကချင်ပြည်နယ်မှာ အခြေနေတွေ အတော်ဆိုးနေပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ရခိုင်ပြည်နယ်က အခြေအနေကိုပဲ အာရုံစိုက်ပြီး ကချင်ပြည်သူတွေကို မေ့ထားတယ်လို့ ကချင်ပြည်သူတွေရော ကျွန်တော်တို့ပါ ခံစားနေရပါတယ်။ ကချင်ပြည်နယ်ထဲမှာ စစ်တပ်ကအရပ်သားတွေ ရှိရာမှာ ဗုံးကြဲတာတွေနဲ့ အတူဆက်ပြီး တိုက်ခိုက်နေပါတယ်။ အိုးအိမ်ပြောင်းရွှေ့ရသူတွေ အများအပြား ရှိနေသလို တောတောင်တွေထဲမှာ ပိတ်မိနေသူတွေပါ ရှိနေတာပါ။"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သုံးရက်ကြာ လာရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအရပ်ဖက်၊ စစ်ဖက် ခေါင်းဆောင်တွေ သာမက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ လူမှုအဖွဲ့အစည်း အားလုံးကို နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG