အမေရိကန်က Delta လေကြောင်းပိုင် လေယာဉ်တစင်းဟာ ကနေဒါနိုင်ငံ Toronto မြို့ရှိလေဆိပ်ကို ဆင်းသက်စဉ် မတော်တဆဖြစ်ပြီး ပြေးလမ်းပေါ်ကို ပက်လက်ပျက်ကျခဲ့ရာက လူ ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၈၀ စလုံး အသက်မသေလွတ်မြောက်ခဲ့ပြီး လူ ၁၈ ယောက်သာ အနည်းအကျဉ်း ဒဏ်ရာရခဲ့တယ်လို့လည်း လေဆိပ်အကြီးအကဲက ပြောပါတယ်။
အမေရိကန်နိုင်ငံ Minneapolis မြို့ကထွက်ခွာလာတဲ့လေယာဉ်ဟာ တနင်္လာနေ့က ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ဆင်းသက်ဖို့ကြိုစားရင်း မတော်တဆမှုဖြစ်ခဲ့တာပါ။ လေယာဉ်မတော်တဆဖြစ်ချိန်မှာ တနာရီလေတိုက်နှုန်း မိုင် ၄၀ ရှိတဲ့ လေပြင်းတိုက်ခတ်နေတာကြောင့် ဆီးနှင်းတွေလည်း လေထဲမှာပျံ့နေတယ်လို့ ပြောပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
လူမှုကွန်ယက်က ဗွီဒီယိုနဲ့ ဓာတ်ပုံတွေမှာတော့ Mitsubishi CRJ-900L အမျိုးအစား လေယာဉ်ဟာ ဆီးနှင်းတွေနဲ့ လေယာဉ်ကွင်းမှာ ပက်လက်လန်နေတာတွေ့ရပြီး အရေးပေါ် ဝန်ထမ်းတွေ ဝိုင်းဝန်း ကူညီနေတာ တွေ့ရပါတယ်။
ကနေဒါအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲနှစ်ကြိမ်လုပ်ခဲ့ပေမဲ့ လေယာဉ်ပျက်ကျတဲ့အကြောင်း အသေးစိတ်တော့ မပြောပါဘူး။ လေဆိပ်တာဝန်ရှိသူ အမှုဆောင်အရာရှိချုပ် Deborah Flint ကတော့ အသက်ဆုံးရှုံးမှုမရှိဘဲ အနည်းအကျဉ်းသာ ဒဏ်ရာရခဲ့တာကြောင့် စိတ်သက်သာရာရတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရထားတဲ့ ခရီးသည် ၁၈ ယောက်ကို ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့လည်း Toronto မြို့ မီးသတ်ဌာန အကြီးအကဲဖြစ်သူ Todd Aitken က ပြောပါတယ်။ အစောပိုင်းကတော့ ဒဏ်ရာရထားတဲ့ ကလေး တယောက်ကို Toronto မြို့ရှိ SickKids ဆေးရုံကိုပို့ထားပြီး အရွယ်ရောက်ပြီးသူ နှစ်ယောက်ကိုတော့ အခြားဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောပါတယ်။ အခုတခါနဲ့ပါဆိုရင် မြောက်အမေရိက မှာ သီတင်းသုံးပတ်အတွင်း လေယာဥ်ပျက်ကျတာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
Forum