သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ် အင်္ဂါနေ့ ညသန်းခေါင် အဖြေထွက်မည်


အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြတဲ့ မဲဆန္ဒရှင်များ။
အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြတဲ့ မဲဆန္ဒရှင်များ။

အမေရိကန်နိုင်ငံမှာ သမ္မတနဲ့ လွှတ်တော်အမတ်တွေအတွက် ဒေသစံတော်ချိန် မနက် ၆ နာရီကနေ ၈ နာရီအကြား ကိုယ့်ပြည်နယ် အသီးသီးရဲ့ စံချိန်နဲ့အညီ မဲပေးနေကြပြီ ဖြစ်ပါတယ်။ တိုင်းပြည်က ကြီးလွန်းတဲ့အတွက် အရှေ့ဖျားနဲ့ အနောက်ဖျားက အချိန် ကွာခြားမှုဟာလည်း ၁ နာရီကနေ ၃ နာရီအကြား ကွာခြားပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေဟာ ည သန်းခေါင် ဝန်းကျင်လောက်မှ အပြည့်အစုံ သိနိုင်မှာ ဖြစ်ပေမယ့် အရေးပါတဲ့ ဒီရွေးကောက်ပွဲမှာ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကလည်း ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

အခုနှစ် ရွေးကောက်ပွဲမှာ Kentucky နဲ့ Indiana ပြည်နယ်တွေက မဲရုံတွေဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပိတ်မှာဖြစ်တဲ့အတွက် အဲဒီ ပြည်နယ်တွေက မဲရလဒ်တွေဟာ အခု ကျနော်တို့ အသံလွှင့်ပြီး မကြာခင် မိနစ်ပိုင်းအတွင်မှာ ထွက်လာမှာ ဖြစ်ပါတယ်။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရဖို့အတွက် Electoral College ရွေးချယ်ပိုင်ခွင့်သူ စုစုပေါင်း ၅၃၈ ဦး ရှိတဲ့အထဲက Electoral Vote လို့ခေါ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်တာမှာ Indiana ပြည်နယ်က ကိုယ်စားလှယ်မဲ ၁၁ မဲ ရှိပြီး၊ Kentucky ပြည်နယ်ကတော့ ကိုယ်စားလှယ်မဲ ၈ မဲ ရှိပါတယ်။

Indiana ပြည်နယ်မှာ ရောက်နေကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ မဲပေးကြတဲ့ အခြေအနေတွေကိုတော့ မြို့တော် Indianapolis မှာ နေထိုင်တဲ့ ဒေါက်တာ ရိုဒင်းငါ က အခုလို ရှင်းပြပါတယ်။

" သမ္မတနေရာအတွက်ကတော့ အင်ဒီးယားနားက ထရမ့်နဲ့ Mike Pence အနိုင်ရနိုင်ဖို့ အခြေအနေများတယ်လို့ ကျနော်လည်း သုံးသပ်တယ်။ ဒီမှာရှိတဲ့ မီဒီယာတွေကလည်း သုံးသပ်တယ်။ အင်ဒီးယားနားပြည်နယ်မှာ ကျနော်တို့ ဗမာပြည်သားတွေ နှစ်သောင်းနှစ်ထောင်ကျော်လောက်ရှိတယ်။ ခြောက်ထောင်လောက်က ဖို့ဝိန်းမှာ နေတယ်။ ဖို့ဝိန်းဘက်က တော်တော်များများကတော့ ဟီလာရီ ဒီမိုကရက်ဘက်ကို မဲပေးမယ်လို့ ကျနော်ခန့်မှန်းတယ်။ သတင်းတွေအရပေါ့နော်။ နောက် အင်ဒီယားနားပုလိစ် အင်ဒီးယားနားမြို့မှာ ဗမာပြည်သား တစ်သောင်းငါးထောင်လောက်ရှိတဲ့နယ်မြေမှာ တစ်သောင်းသုံးထောင်လောက်က မြန်မာပြည်သား ခရစ်ယာန်အများစုပေါ့နော်။ ချင်းအမျိုးသားတွေထဲမှာတော့ ဒေါနယ်ထရမ့်က ပိုရေပန်းစားနေတယ်။"

အမေရိကန်နိုင်ငံအတွင်း Time Zone လို့ ခေါ်တဲ့ တနေရာနဲ့ တနေရာ အချိန်ကွာခြားမှု ၆ ခုလောက် ရှိနေတာမှာ မဲရုံတွေကို တိုင်းပြည် အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်း ကာလီဖိုးနီးယားပြည်နယ်အထိ တဖြည်းဖြည်းချင်း ဒေသစံတော်ချိန်အလိုက် ပိတ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာရှိတဲ့ ဖလော်ရီဒါ ပြည်နယ်ဟာလည်း ဒီရွေးကောက်ပွဲ အနိုင်အရှုံးအတွက် အဆုံးအဖြတ် ပေးနိုင်မယ့် ပြည်နယ်တခု အဖြစ် ခန့်မှန်းထားကြသလို၊ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ အတိအကျ ဆုံးဖြတ်ချက် မချရသေးတဲ့အတွက် ဒီမိုကရက်ပါတီက သမ္မတလောင်း Hillary Clinton ရော ၊ ရီပတ်ဘလီကန် ပါတီက သမ္မတလောင်း Donald Trump ပါ အနိုင်ရနိုင်ခြေ ရှိတဲ့ ပြည်နယ် ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်အတွင်း မဲပေးမှု အခြေအနေတွေနဲ့ကိုတော့ ပြည်နယ်ရဲ့ တောင်ပိုင်း Davie မြို့မှာ နေထိုင်နေတဲ့ ကိုကျော်မိုးသူက အခုလို ရှင်းပြပါတယ်။

" ကျနော် ဒီမိုကရက်အကုန်လုံးကို ပေးခဲ့တယ်။ ကျနော့်မိတ်ဆွေတော်တော်များများက ဟီလာရီကို ကြိုက်တာပေါ့နော်။ ဒီဘက်မှာ တောင်ဖလော်ရီဒါကတော့ စပိန်တွေ ပိုများတယ်ဆိုတော့ ဟီလာရီကိုပဲ လူကြိုက်များတယ်ပေါ့။ ဒါပေမဲ့ တချို့အသိတွေ မိတ်ဆွေတွေက ထရမ့်ကို ထောက်ခံတဲ့သူတွေ။ ထရမ့်ကို ထောက်ခံတဲ့သူတွေကတော့ ကျနော်သိသလောက်ကတော့ သူ့ကို လူပုဂ္ဂိုလ်အနေနဲ့ ထောက်ခံတာမဟုတ်ဘူး။ နဂိုကတည်းက ရီပတ်ပလင်ကမ်ကို မဲပေးလာတဲ့အတွက် ထရမ့်ကို ဆက်ပြီး မဲပေးတဲ့သူတွေပဲရှိတယ်။"

တိုင်းပြည် အနောက်ဖက်ခြမ်းမှာရှိတဲ့ ကာလီဖိုးနီးယား၊ Arizona စတဲ့ ပြည်နယ်တွေက မဲရုံတွေကတော့ နောက်ကျပြီးမှ ပိတ်မှာ ဖြစ်ပါတယ်။ Arizona ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ကိုအိုးဝေအောင်ကတော့ သူ့အနေနဲ့ ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump ကို မဲပေးခဲ့တယ်လို့ ပြောပါတယ်။

" ကျနော် ဒီနေ့ ဒေါနယ်ထရမ့်ကိုပဲ မဲပေးပါတယ်။ ကျနော် ထရမ့်ကို မဲပေးရတဲ့ နံပတ်တစ်ကတော့ ဒေါနယ်ထရမ့်ဟာ သူစပြီးတော့ မဲဆွယ်စည်းရုံးကတည်းကိုက သူက အကြမ်းဖက်သမားတွေကို သူနှိမ်နှင်းမယ်။ သူတက်လာရင်။ နောက်ပြီး သူက ကမ္ဘာမှာ မငြိမ်းချမ်းဖြစ်နေတဲ့နေရာတွေပေါ့ဗျာ။ အဓိက အဲ့ဒီ့နေရာတွေမှာ အကြမ်းဖက်မှု အန္တရာယ်ပဲ။ အဲ့ဒီ့အန္တရာယ်တွေကို ကမ္ဘာ့ငြိမ်းချမ်းရေးသမားတယောက်အနေနဲ့ သူလုပ်မယ်ဆိုပြီး ကျနော်တု့ိကမြင်တဲ့အတွက် ကျနော် သူ့ကို မဲပေးပါတယ်။ ဆိုတော့ တရားမဝင် လာမယ့်သူတွေကို စိစစ်မယ်။ စိစစ်ပြီးရင် သူ့နိုင်ငံက ဖယ်ထုတ်မယ်။ ဖယ်ထုတ်ပြီးရင် တရားဝင်ရောက်လာတဲ့လူတွေရဲ့စားဝတ်နေရေးကို သူက ငွေရေးချမ်းသာမှုရော ဘာရော အားလုံး ပေါင်းစပ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင်လုပ်မယ်ပေါ့ဗျာ။ သူ့ရဲ့ပေါ်လစီက သိတဲ့အတိုင်းပဲ "Let's Make America Great Again" သူ အဲ့သလိုလုပ်မယ်လို့ သူကြွေးကြော်လာတာကို ကျနော်ကြိုက်တယ်။"

Arizona ပြည်နယ်ဟာလည်း အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ပါတီကို မဲပေးလေ့ရှိတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် သတင်းဌာနတွေရဲ့ ခန့်မှန်းချက်အရကတော့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump အပြင် အထက်လွှတ်တော်အမတ် John McCain နဲ့ တခြား ရီပတ်ဘလီကန် အမတ်တွေပဲ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မဲရုံတခု ပိတ်လိုက်တိုင်း အမေရိကန်နိုင်ငံက အဓိက သတင်းဌာနကြီးတွေဖြစ်ကြတဲ့ CNN ၊ MSNBC ၊ NBC ၊ FOX စတဲ့ သတင်းဌာနတွေအပြင် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး ၂ ခုစလုံးကလဲ Exit Poll လို့ခေါ်တဲ့ မဲပေးပြီး ပြန်ထွက်လာသူတွေထံ သဘောထားတွေကို ကောက်ယူပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တခုချင်းစီမှာ ဘယ်သူနိုင်တယ်ဆိုတာကို ကြိုတင် ခန့်မှန်းချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။

အဲဒီ စစ်တမ်းတွေဟာ တရားဝင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်း အတိအကျမဟုတ်ပေမယ့်လည်း တရားဝင် စာရင်းနီးပါး တိကျ ခိုင်မာမှုရှိတဲ့အတွက် ပြည်နယ်တခုချင်းစီက မဲရုံတွေ ပိတ်လိုက်တိုင်း အဲဒီ ပြည်နယ်မှာ သမ္မတလောင်း ၂ ဦးထဲက ဘယ်သူက ကိုယ်စားလှယ်မဲ စုစုပေါင်း ဘယ်လောက်ရနေပြီဆိုတာကို အချိန်နဲ့ ထုတ်ပြန်ပေးကြတာကြောင့် နောက်ဆုံး မဲရုံ ပိတ်တာကို စောင့်စရာမလိုပဲကိုယ်စားလှယ်မဲ ၂၇၀ အရင် ပြည့်တဲ့သူက သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရပြီဆိုတဲ့ အဖြေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါရှင်တန် စံတော်ချိန် ည ၁၁ နာရီ၊ ဒေသစံတော်ချိန် ညနေ ၈ နာရီမှာ နောက်ဆုံးပိတ်မယ့် မဲရုံးဖြစ်တဲ့ ကာလီဖိုးနီးယား ပြည်နယ်က အဖြေတွေ ထွက်လာတဲ့အချိန်မှာ သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာနဲ့ အထက်နဲ့ အောက်လွှတ်တော်အမတ် နေရာတွေအတွက် ဘယ်သူတွေ အနိုင်ရနေတယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နောက်တက်မယ့် အမေရိကန်သမ္မတအဖြစ် ဘယ်သူ ရွေးကောက် တင်မြောက်ခံရတယ်ဆိုတဲ့ အဖြေကို မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်မှာ သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG