အမေရိကန်သမ္မတ Donald Trump ဟာ လွှတ်တော်နှစ်ရပ်ပေါင်းရှေ့မှောက် အင်္ဂါနေ့ညကပြောတဲ့ မိန့်ခွန်းမှာ သူ့အစိုးရလက်ထက် စတင်ဆောင်ရွက်ခဲ့တာတွေအပေါ် ဂုဏ်ယူပြောကြားခဲ့ပါတယ်။ ဗျုရိုကရေစီစနစ်ကိုလျှော့ချတာ၊ ရင်းနှီးတဲ့ကုန်သွယ်ဘက်တွေကို သွင်းကုန်ခွန်တိုးကောက်တာ ရုရှားကျူးကျော်မှုကိုခုခံနေတဲ့ယူကရိန်းကို တိုက်ခိုက်နေတာတွေရပ်ဖို့ စတာတွေကို အလေးထား ပြောကြားတဲ့ မိန့်ခွန်းကိုတော့ ဒီမိုကရက်ပါတီကစောင့်ကြည့်ခဲ့ကြပြီး ဆန့်ကျင်မှုတွေကိုလည်း သိသိသာသာ ပြသခဲ့ကြတာပါ။ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ဇန်နဝါရီလ (၂၀) ရက်နေ့ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်တာဝန်ယူပြီး ပထမဆုံး လွှတ်တော်ရှေ့မှောက် အင်္ဂါနေ့ညက မိန့်ခွန်းပြောခဲ့တာပါ။
"အမေရိကရဲ့ အရှိန်အဟုန်တွေ ပြန်အားကောင်းလာပါပြီ။ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ဂုဏ်ရှိန်တွေ၊ ယုံကြည်အားထားမှုတွေလည်း ပြန်တက်လာပါပြီ။ အမေရိကန်အိပ်မက်တွေလည်း ကြီးထွားလာနေပြီး အားကောင်းသထက် အားကောင်းလာနေပါပြီ။"
ဒါပေမယ့် သူ မိန့်ခွန်းစပြောပြီး ငါးမိနစ်အကြာမှာပဲ ဝင်ငွေနည်းသူတွေအတွက် အစိုးရက ကျန်းမာရေး စရိတ် ထောက်ပံ့ပေးတဲ့ Medicaid အစီအစဉ်ကို သမ္မတအနေနဲ့ ဖြတ်တောက်ပိုင်ခွင့်မရှိဘူးဆိုပြီး Texas ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်လွှတ်တော်အမတ် Al Green က ထပြီး အော်ဟစ် ပြောဆိုခဲ့ ပါတယ်။ ခဏအကြာမှာတော့ လွှတ်တော်အမတ် Al Green ကို လုံခြုံရေးတွေက အပြင်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံအပါအဝင် အမေရိကန်ရဲ့ အိမ်နီးချင်း ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေအပေါ် အင်္ဂါနေ့က သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံခဲ့တာကိုလည်း သမ္မတ Trump က အလေးပေး ပြောကြားခဲ့ပါတယ်။ အဲဒီသုံးနိုင်ငံကလည်း အမေရိကန်အပေါ် တန်ပြန် အခွန်တိုးကောက်မှုလုပ်ဆောင်သွားမယ်လို့ ပြော ထားတာကြောင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အစုရှယ်ယာဈေးတွေ မနေ့က ထိုးကျသွားခဲ့ပါတယ်။
"အနှောင့်အယှက်ဖြစ်စရာ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါ၊ ဒါပေမဲ့ အဆင်ပြေသွားမှာပါ။ သိပ်ထိခိုက်စရာ မရှိပါဘူး။"
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ယူကရိန်းက မြေရှားသတ္တုတွေ အမေရိကန်က တူးယူခွင့်ပါဝင်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူတော်မှာ ဆွေးနွေး ကြတာမှာ သဘောတူညီချက်မရဘဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အပြန်အလှန် အော်ဟစ် ငြင်းခုန်မှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒါဟာ ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ရေးအတွက် သမ္မတ Trump ရဲ့ ယူကရိန်းအစိုးရအပေါ် ဖိအားပေးလုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။
"တပြိုင်တည်းမှာပဲ ရုရှားနဲ့လည်း အလေးအနက် ဆွေးနွေးနေပြီး ငြိမ်းချမ်းရေးအတွက် သူတို့ဘက်က အသင့်ရှိကြောင်း အခိုင်အမာ သတင်းစကားပါးတာလည်း ရှိပါတယ်။"
သမ္မတ Trump ရဲ့ မိန့်ခွန်းအပေါ် ဒီမိုကရက်ပါတီကိုယ်စား တုံ့ပြန်ပြောဆိုတဲ့ Michigan ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် Alissa Slotkin ကတော့ အိမ်ဖြူတော်မှာ သမ္မတ Zelenskyy နဲ့ အခြေအတင် ငြင်းခုန်ခဲ့ကြတဲ့ကိစ္စကို အလေးပေး ပြောကြားခဲ့ပါတယ်။
"သမ္မတရုံးခန်းကမြင်ကွင်းဟာ အညံ့စားရုပ်သံဇာတ်လမ်းတွဲတခုလို ဖြစ်နေရုံမကပါဘူး၊ ကမ္ဘာ့အရေး မှာ ထရမ့်က ကိုင်တွယ်နေပုံတခုလုံးကို ပြနေပါတယ်။ Vladimir Putin လိုအာဏာရှင်တွေနဲ့ တရင်း တနှီးနေတာ၊ ကနေဒါလို မိတ်ဆွေတွေကို ရင့်ရင့်သီးသီးလုပ်တာတွေကို သူက ယုံကြည်နေတာပါ။ အမေရိကန်ရဲ့ ဦးဆောင်မှုကို အိမ်ခြံမြေဈေးကွက်မှာ လက်ပြောင်းလက်လွှဲလုပ်တာမျိုးလို သဘောထားနေတာပါ။"
သမ္မတ Trump ရဲ့ မိန့်ခွန်းကို လွှတ်တော်အတွင်း တက်ရောက်နားထောင်တဲ့ ဒီမိုကရက်အမတ်တွေ ကလည်း သမ္မတရဲ့ မူဝါဒတွေက အမျိုးသမီးနဲ့ မိသားစုတွေပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိတယ် ဆိုတာကို ပြသတဲ့အနေနဲ့ ပန်းရောင်အင်္ကျီဝတ်လာတာ၊ ထောင်ပေါင်းများစွာသော အစိုးရဝန်ထမ်းတွေ ကို Elon Musk ကဦးဆောင်ပြီး အလုပ်ဖြုတ်ပစ်တာ၊ ဗြူရိုကရေစီယန္တရားကို လျှေ့ာချပစ်တာ- စတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ကိုင်ဆောင် ကန့်ကွက်ခဲ့ကြပါတယ်။
"စိန်ခေါ်ချက်တွေကို လက်မခံတဲ့ ဖယ်ဒရယ်အစိုးရထဲက ဗျူရိုကရက်တွေကို ချက်ခြင်းဖယ်ရှားမှာပါ။ ရေဆိုးရေညစ်တွေကို ဖောက်ချနေတာပါ။"
ဒီအပေါ် ဒီမိုကရက်အထက်လွှတ်တော်အမတ် Alissa Slotkin က အခုလို တုံ့ပြန်ပါတယ်။
"ဖြုန်းတီးမှုတွေကို လျှော့ချချင်တယ်ဆိုရင်တော့ ကျမကူနိုင်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေက ဗရမ်းဗတာနဲ့ လုံခြုံမှုကင်းမဲ့လို့တော့ မဖြစ်ပါဘူး။ နျူကလီးယားလက်နက်တွေကို ကာကွယ်တဲ့ အလုပ်လုပ်နေသူတွေ၊ လေယာဉ်တွေပျက်မကျအောင် အလုပ်လုပ်နေသူတွေ၊ ကင်ဆာရောဂါ သုတေသနလုပ်နေသူတွေကို မစဉ်းစားမဆင်ခြင်အလုပ်ဖြုတ်ပစ်ပြီး နောက် နှစ်ရက်လောက်နေမှ ပြန်ခန့်ရပါတယ်။ အမေရိကန်မှာ ဘယ် CEO မှ အခုလို အလွယ်တကူအလုပ်ဖြုတ်တာမျိုး လုပ်လို့မရပါဘူး။"
အမေရိကန်နိုင်ငံတောင်ပိုင်းကတဆင့် တရားမဝင် ဝင်ရောက်လာသူအရေအတွက် လျော့ကျသွား အောင် လုပ်နိုင်ခဲ့တယ်ဆိုပြီးတော့လည်း သမ္မတ Trump u သူ့ကိုယ်သူ ချီးကျူး ပြောကြားခဲ့ပါတယ်။
"နယ်စပ်တွေလုံခြုံရေး ဥပဒေသစ်လိုတယ်ဆိုပြီး မီဒီယာတွေနဲ့ ဒီမိုကရက်တစ်ပါတီက လူတွေ တလျှောက်လုံး ပြောကြပါတယ်။ ဒါပေမဲ့ တကယ်လိုနေတာက သမ္မတသစ်ဆိုတာ တွေ့လာရပါတယ်။"
သမ္မတကတော် Melania Trump နဲ့အတူ ထိုင်နေသူတွေကတော့ သမ္မတရဲ့ အစီအစဉ်တွေနဲ့ ကိုက်ညီတဲ့ ကျား/မ လိင်ပြောင်းထားပြီး အမျိုးသမီးအားကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုကို ဆန့်ကျင်လှုပ်ရှားသူ၊ တရားမဝင်,ဝင်ရောက်လာသူရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သူရဲ့ မိသားစုဝင်တွေ ပါဝင်ကြပါတယ်။
ပနားမားတူးမြောင်းနဲ့ Greenland တို့ကို ပြန်လည်သိမ်းပိုက်ရေးကိစ္စကိုလည်း သမ္မတ Trump က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဂါဇာကနေ ပါလက်စတိုင်းတွေ မောင်းထုတ်ပစ်မယ်ဆိုတဲ့ ကိစ္စတော့ ပြောသွားခြင်း မရှိပါဘူး။ သူ့မိန့်ခွန်းက တနာရီနဲ့ မိနစ်လေးဆယ်ကြာတာကြောင့် သမ္မတတဦးအနေနဲ့ လွှတ်တော်ကိုပြောကြားတဲ့ အရှည်ဆုံးမိန့်ခွန်းလည်း ဖြစ်ပါတယ်။
Forum