သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CPAC ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Conservative Political Action Conference (CPAC) ညီလာခံမှာ မိန့်ခွန်းပြောနတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ROBERTO SCHMIDT / AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Conservative Political Action Conference (CPAC) ညီလာခံမှာ မိန့်ခွန်းပြောနတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ROBERTO SCHMIDT / AFP)

ဝါရှင်တန်မြို့တော်အနီးမှာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံ CPAC ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညီလာခံအပိတ်မိန့်ခွန်းပြောခဲ့ပြီး “တိုင်းပြည်ကို ကျနော်တို့ပြန်ရခဲ့ပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။ ညီလာခံတက်တဲ့ ပရိသတ်တွေကလည်း “USA” ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်။

ညီလာခံ တက်ရောက်တဲ့ ပရိသတ်တွေကလည်း သမ္မတ ထရမ့် မိန့်ခွန့်ပြောနေစဥ် တလျှောက်လုံး ထောက်ခံ အားပေးခဲ့ပြီး “အမေရိကန် ပြည်ထောင်စု - USA” ဆိုပြီး ဟစ်ကြွေးခဲ့ကြပါတယ်။

“နိုဝင်ဘာ ၅ ရက်တုန်းက အမေရိကကို ဖျက်ဆီးနေတဲ့ အကျင့်ပျက်သူတွေကို ကျနော်တို့ အာခံ တန်ပြန်ခဲ့ကြပါတယ်။ အခု သူတို့ရဲ့ အာဏာကို ရယူလိုက်ပါြပီ။ သူတို့ရဲ့ယုံကြည်မှုတွေကို ဖယ်ရှားလိုက်ပြီး တိုင်းပြည်ကို ပြန်လည် ရယူနိုင်ခဲ့ပြီ” လို့ မေရီလန်းက National Harbor မှာ ကျင်းပတဲ့ ညီလာခံ စင်မြင့်ထက်မှာ‌ ထရမ့်က ပြောပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သက်တမ်းတုန်းကလည်း အမြဲတမ်း တက်ရောက်ခဲ့တဲ့ ကွန်ဆာဗေးတစ် CPAC ညီလာခံမှာ “၄၇ ယောက်မြောက် အမေရိကန်သမ္မတ အနေနဲ့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရတာ ဂုဏ်ယူမိတယ်" လို့ စတင် ပြောကြားပြီး အမေရိကန် ပြည်တွင်းရေးမှာ သူ့ အစိုးရ အဖွဲ့ လုပ်ဆောင်ချက်တွေနဲ့ ရုရှား ယူကရိန်း စစ်ပွဲ အရေး အပါအဝင် နိုင်ငံတကာ ကိစ္စရပ်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်း အရေးမှာတော့ စစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းမှုတွေနဲ့ အတူ ယူကရိန်းရဲ့ ဓာတ်သတ္တု တူးဖော် ရောင်းချရေး လုပ်ငန်းတွေက ဝင်ငွေ ခွဲဝေမှု ဆိုင်ရာမှာ သဘောတူညီချက်တရပ် ရယူဖို့ နီးစပ်နေပြီလို့ ထရမ့်က ပြောပါတယ်။

"သဘောတူညီချက်တခုရဖို့ တော်တော်လေးနီးစပ်နေပြီလို့ ကျနော်ထင်ပါတယ်" လို့ ဆိုပါတယ်။

ယူကရိန်းက ရုရှားကျူးကျော်သူတွေကို ချေမှုန်းဖို့ အမေရိကန်က ယူကရိန်းကို ပေးခဲ့တဲ့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာကို ပြန်လည်ရယူလိုကြောင်း သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြေရှား သတ္တု၊ ရေနံ ဒါမှမဟုတ် "ရနိုင်သမျှ ဘာမဆို" တောင်းဆိုထားတယ်လို့ ထရမ့်က ပြောပါတယ်။

ရုရှား၊ ယူကရိန်း စစ်ပွဲမှာ လူပေါင်းများစွာ သေကြေပျက်စီနေရတာကိုလည်း ထရမ့်က ထောက်ပြပြီး ဒီစစ်ပွဲ အဆုံးသတ်မှ ဖြစ်မယ်လို့ ပြောပါတယ်။ ဒီ့အတွက် ရုရှား သမ္မတ ဗာလာဒီမီယာ ပူတင် (Vladimir Putin)၊ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာ ဇယ်လန်းစကီး (Volodymyr Zelenskyy) တို့နဲ့ သူ ဆွေးနွေးနေတယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

ပြည်တွင်းရေးမှာတော့ “တရားမဝင် နိုင်ငံခြားသား ရာဇ၀တ်မှု ကျူးလွန်သူတွေ” ကို နှင်ထုတ်နေတဲ့ အကြောင်းနဲ့ "နိုင်ငံတကာရေးရာ ဝါဒီတွေ၊ လိမ်လည်လှည့်ဖြားသူတွေ၊ ကြိုးနီ စနစ် ဗျူရိုကရက်တွေ" ကို ဖယ်ရှားပြီး "အမေရိကန် ပြည်သူတွေ အတွက် ပြည်သူ့ အစိုးရကို ပြန်လည်ထူထောင်နေတယ်” လို့ ပြောပါတယ်။

ဒုတိယ အကြိမ် သမ္မတ တာဝန် ပြန်လည် ထမ်းဆောင်တဲ့ ထရမ့်ရဲ့ အစိုးရ အဖွဲ့ဟာ သက်တမ်း တလ အတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက် လုပ်ဆောင်နေပြီး တဘက်မှာလည်း ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရချိန် ဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတ အမိန့်ကို တရားသူကြီး တချို့က တားမြစ်တာတွေ ရှိသလို သူ့ရဲ့ လုပ်ဆောင်တချို့ကို ပြန်လည် တရားစွဲဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

CPAC ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောကြား
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG