သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ စစ်လက်ကျန် ပျောက်ဆုံးအမေရိကန်စစ်သည်ရှာဖွေ


စစ်လက်ကျန် ပျောက်ဆုံးအမေရိကန်စစ်သည်ရှာဖွေနေသည့် DPAA အဖွဲ့ဝင်များ (ဓါတ်ပုံ-ရန်ကုန်၊အမေရိကန်သံရုံး)
စစ်လက်ကျန် ပျောက်ဆုံးအမေရိကန်စစ်သည်ရှာဖွေနေသည့် DPAA အဖွဲ့ဝင်များ (ဓါတ်ပုံ-ရန်ကုန်၊အမေရိကန်သံရုံး)

ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးကျန်ရစ်ခဲ့တဲ့ အမေရိကန်စစ်သည်ရုပ်ကြွင်းရှာဖွေရေး အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်ကို အခုလအတွင်း သွားရောက်ပြီး ရုပ်ကြွင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

DPAA ဆိုပြီး အတိုကောက်သုံးတဲ့ Defense POW/MIA Accounting Agency ရဲ့ စုံစမ်းရေးအဖွဲ့ဝင် ၉ ဦး ဟာ မေလ ၁ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ချင်းပြည်နယ်ကို သွားရောက်ပြီး ရုပ်ကြွင်းရှာဖွေထောက်လှမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအရ အမေရိကန်ကျဆုံးစစ်သည်တွေရဲ့ ရုပ်ကြွင်းကို မိသားစုလက်ဝယ် ကို ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ချက်တခုဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

“ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးကျန်ရစ်တဲ့ အမေရိကန်လေတပ် တပ်ဖွဲ့ဝင် ၇ ဦးရဲ့ ရုပ်ကြွင်းတွေ ပြန်လည်တွေ့နိုင်ဖို့ မျှော်လင့် ခန့်မှန်း ထားတဲ့ နေရာဒေသတဝိုက်မှာ စုံစမ်းရေးမှုး ၉ ဦးက လူစုခွဲ ရှာဖွေခဲ့ကြပါတယ်။ ရည်မှန်းချက်ကတော့ ပျောက်ဆုံးနေသူတွေရဲ့ ဖြစ်နိုင်ချေ ရုပ်ကြွင်းတွေကို မိသားစုနဲ့တိုင်းပြည်ကို ပြန်လည်အပ်နှံပေးနိုင်ရေးဖြစ်ပါတယ်။”

မြန်မာနဲ့ အမေရိကန်အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက် ၂၀၁၃ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်း အမေရိကန်စစ်သည်ရုပ်ကြွင်း ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပြန်အလှန်ညှိုနှိုင်းမှုတွေ ရှိခဲ့ကြတာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေရော သမိုင်းဆိုင်ရာသုတေသီတွေနဲ့ပါ တွေ့ဆုံပြီး၊ ရုပ်ကြွင်းဖြစ်နိုင်ချေ ဒေသတွေမှာ ရှာဖွေရေးကိစ္စတွေ လုပ်ဖို့ ဆွေးနွေး ထားခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်းက ဟိမဝန္တာ တောင်တန်းတွေအနီးမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီဒေသတဝိုက်မှာ အမေရိကန်စစ်သည် ၇၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ DPAA က ခန့်မှန်း ယူဆထားပါတယ်။ ဒီအတွက် ရုပ်ကြွင်းရှာဖွေရေးလုပ်ငန်းတွေအတွက် အမေရိကန်ဘက်က လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး၊ အခု နှစ်နိုင်ငံဆက်ဆံရေး အတန်အတင့်ကောင်းလာကတည်းက ရှာဖွေရေးလက်တွေ့အစီအစဉ်တွေ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အခု စုံစမ်းရှာဖွေရေးအဖွဲ့ရဲ့ ချင်းပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ကတော့ အသေးစိတ်ရှာဖွေတွေ့ရှိချက်တွေကိုတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG