သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင် ထောင်ဒဏ် နှစ်၂၀ စီ အပြစ်ပေးခံရ


ဒေါက်တာအေးမောင် (မတ်၊ ၁၉၊ ၂၀၁၉)
ဒေါက်တာအေးမောင် (မတ်၊ ၁၉၊ ၂၀၁၉)

ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲက ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် အနှစ်၂၀ စီ ချမှတ်လိုက်ပါတယ်။ ဒီလိုပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘူးလို့ ဝေဖန်မှုတွေရှိသလို၊ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်ရာကျတယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာကကျင်းပတဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေ ဟောပြောပွဲမှာ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို တိုင်းအစိုးရက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ သူတို့ ၂ ဦးကို နိုင်ငံတော် ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ တို့နဲ့ စစ်တွေ ခရိုင်တရားရုံးက အပြီးသတ် အမိန့် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီနေ့ အမိန့်ချမှတ်လိုက်တဲ့ အခြေအနေကို ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးစံရွှေမောင်က

"ရာဇသတ်ကြီးပုဒ်မ ၁၂၂ ကို ထောင်ဒဏ် နှစ် ၂၀ အဲ့ဒါပြီးတော့ ၅၀၅ (ခ) ကို ထောင်ဒဏ် ၂ နှစ် တရားသူကြီး ကတော့ ပြစ်ဒဏ်များကို တပေါင်းတည်း ကျခံစေဆိုပြီး အမိန့်ချတယ်။ အဲ့ဒါပြီးတော့ ချုပ်ရက်တွေရှိတာကို ထုတ်နှုတ် ခံစားစေဆိုပြီး အမိန့်ချတယ်။ ကျနော်တို့ဘက်ကတော့ တရားရုံး အမိန့်ကို မကျေနပ်ရင် အယူခံ တက်ပိုင်ခွင့်ရှိတယ်။ ဆိုတော့ ကျနော်တို့က ဒီနေ့ အမိန့်ကို မိတ္တူကူးပီး လျှောက်လွှာ တင်လိုက်ပြီးပြီ အမိန့်ရတာနဲ့ကို ကျနော်တို့က ပြည်နယ်တရားရုံးကို အယူခံတင်မယ့် အစီစဉ်ရှိတယ်။ သူကလည်း ပြောပါတယ် အယူခံ တက်ပိုင်ခွင့်ရှိတယ်ဆိုပြီး အမိန့်ချအပြီးမှာ သူပြောသွားပါတယ်။"

အစောပိုင်းက သူတို့ ၂ ဦးကို မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) နဲ့ စွဲဆိုထားတာကို ပယ်ဖျက်ပေးခဲ့ပြီး ကျန်တဲ့ ပုဒ်မ ၂ ခုနဲ့ ဆက်လက် တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှု ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ တိုင်းတရား လွှတ်တော်ကို လျှောက်ထားခဲ့ပေမယ့် ပလပ်ခဲ့ပြီး ဒီကနေ့မှာ အပြီးသတ် အမိန့်ချမှတ်လိုက် တာလည်း ဖြစ်ပါတယ်။ အမိန့် ချမှတ်ချိန် တရားရုံးရှေ့မှာ ဒေါက်တာအေးမောင်နဲ့ ဆရာဝေဟင်အောင်တို့ကို ထောက်ခံ အားပေးသူတွေ စုဝေးနေပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးအင်အား အများအပြားချထားခဲ့ရပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌ တယောက်လည်း ဖြစ်သလို ဒီကနေ့ အမိန့် ချမှတ်တာနဲ့ ပတ်သက်လို့ ANP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က -

"အဲ့တော့ ဒီနေ့ စီရင်ဆုံးဖြတ်ချက်သည် ပြစ်မှုနဲ့ပြစ်ဒဏ် အင်မတန် မမျှမတဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တော်တော်ကြီးကို အကျပ်အတည်းနဲ့ အခက်အခဲတွေ တော်တော်ကြီး ဒုက္ခရောက်နေတဲ့ အခြေ အနေ အဲ့လို တော်တော်ကြီးကို ဆူပူမှုတွေ ဖြစ်နေတဲ့အချိန်မှာ ဒေါက်တာအေးမောင်ကို ပြစ်မှု တော်တော်ကြီးကို မြင့်မြင့်မားမား ကြီးကြီးမားမား ပြစ်ဒဏ်ပေးလိုက်တာဟာ ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရာမကျပဲနဲ့ ပို၍ပို၍ အလှမ်းဝေး သွားမလား လူတွေရဲ့ မကျေနပ်ချက်တွေ ပိုပြီးကြီးမားလာအောင် လုပ်နေတာ မကျဘူးလားလို့ အဲ့ဒီလို ဝေဖန်မှုတွေ မြင့်မားလာတာကို ကျနော်တို့ တွေ့ရတယ်။"

မြောက်ဦးမြို့မှာ ရခိုင့်နိုင်ငံတော် အချုပ်အခြာကျဆုံးခြင်း အထိမ်းအမှတ်ပွဲ ကျင်းပတာကို အာဏာပိုင်တွေဘက်က တားဆီးခဲ့တဲ့အတွက် လူစုလူဝေးဖြစ်ခဲ့ပြီး အာဏာပိုင်တွေနဲ့ ဒေသခံတွေ အခြေအနေ တင်းမာခဲ့လို့ ၇ ဦးသေဆုံး ခဲ့ပြီး တဒါဇင်လောက် ဒဏ်ရာရရှိခဲ့ပြီးနောက်မှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG