သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရှစ်လေးလုံး နောက်ဆက်တွဲအဖြစ် နွေဦးတော်လှန်ရေးနဲ့ အောင်ပွဲဆင်နွဲမည်" - ဒေါက်တာ တေဇာဆန်း


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လက်ရှိ နွေဦးတော်လှန်ရေးဟာ ၁၉၈၈ခုနှစ်က စတင်ခဲ့တဲ့ ၈၈၈၈ လူထုလှုပ်ရှားမှုကြီးရဲ့ အဆက်ဖြစ်ပြီး အဆုံးသတ်အောင်ပွဲအဖြစ် ရည်မှန်းထားကြောင်း မန္တလေး CDM လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဗွီအိုအေကိုပြောပါတယ်။ ၃၆ နှစ်ပြည့် ၈၈၈၈ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ပွဲတွေ ဘယ်လို အရေးပါသလဲဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာတေဇာဆန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒီကနေ့ မြန်မာနိုင်ငံတဝှမ်းမှာပြုလုပ်ကြတဲ့ (၃၆)နှစ်မြောက် ၈၈၈၈ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ပွဲက ဘယ်လို ထူးခြားချက်တွေရှိနေလဲ။

ဒေါက်တာ တေဇာဆန်း။ ။ အခုဒါ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဆိုရင် ကျေးလက်ရော မြို့ပြရောပေါ့ဗျာ ၈၈၈၈ အရေးတော်ပုံကြီး ၃၆ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လူထုတိုက်ပွဲ လူထုလှုပ်ရှားမှု အနေနဲ့ အမျိုးစုံ ဆင်နွှဲနေကြပါတယ်ခင်ဗျ။ ရန်ကုန်လို မန္တလေးလို ရန်သူ့သေနတ်ပြောင်းဝမှာ နေရတဲ့သူတွေ ကိုယ််တိုင်က ဒီ၈၈၈၈ အရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ်ပေါ့ လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ကြတာကိုလည်း ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသတွေကတော့ ၈၈၈၈ အရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် လူထု အင်နဲ့အားနဲ့ အုံနဲ့ကျင်းနဲ့ ကျွန်တော်တို့ အထိမ်းအမှတ်အခမ်းအနားတွေ လူထုသပိတ်လှုပ်ရှားမှုတွေကို ဖော်ဆောင်နေကြတာကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အဲတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်က ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ သက်ရောက်မှု အတိုင်းအတာ ဘယ်လောက်ကြီးမားလဲ။

ဒေါက်တာတေဇာဆန်း။ ။ ဒီ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ လွမ်းမိုးမှုန့ အကျိုးသက်ရောက်မှုဟာဆိုရင်လည်း မြန်မာပြည်သမိုင်းအတွက် အင်မတန်မှ အရေးပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။ ၈၈၈၈ အရေးတော်ပုံကနေ လူထုတရပ်လုံးက တစ်ပါတီ အာဏာရှင်စနစ်ကို မလိုလားဘူး၊ ဒီမိုကရေစီစနစ်ကို လိုလားတယ်ဆိုတာကို ဒါရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အလားတူပဲ မဆလ တစ်ပါတီအာဏာရှင် စနစ်ကိုလည်းပဲ လူထုအားနဲ့ ကျွန်တော်တို့ ဖြုတ်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျ။ ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးကာလမှာ လူငယ်ထောင်ပေါင်းများစွာကလည်း တိုင်းရင်းသားဒေသ တော်လှန်ရေး အဖွဲ့အစည်း ဒေသတွေကို ရောက်ရှိသွားကြတယ် အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ ညီနောင် တိုင်းရင်းသားအဖွဲ့အစည်းများ ပြည်သူများနဲ့ တိုင်းရင်းသား တန်းတူရေးနဲ့ တူညီပြဌာန်းခွင့် တနည်းပြောရရင်တော့ ဒါဖက်ဒရယ်အရေး ဒီတောင်းဆိုချက် ရပ်တည်ချက်တွေကိုဒါ မြေပြန့်ဒေသက လူငယ်တွေ ကျောင်းသားတွေ ကြားထဲမှာ သိရှိသွားကြတယ်၊ နားလည်သွားကြတယ်၊ သဘောပေါက်သွားကြတယ်လို့ ဒီလိုပဲ မှတ်သားရပါတယ်ဗျ။ ဒါကြောင့် ပြောချင်တာက ၈၈၈၈ အရေးတော်ပုံကြီးသည် ဒီမိုကရေစီအရေးအတွက်သာမက တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်အရေးတော်ပုံအတွက် မြေပြန့်နဲ့ တောင်တန်းဒေသကို ချိတ်ပေးနိုင်ခဲ့တဲ့ လူထုတော်လှန်ရေး အရေးတော်ပုံတရပ်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ ကျွန်တော်က ဒီနေ့ခေတ် ၂၁ ရာစု သတင်းနဲ့ နည်းပညာခေတ် အင်တာနက်ခေတ်ပေါ့ဗျာ။ ဒီခေတ်မှာ ကျွန်တော်တို့ ဖော်ဆောင်နေကြတဲ့ ၂၀၂၁ ပြည့်သူ့ နွေဦးတော်လှန်ရေးကြီးကလည်းပဲ ၈၈၈၈ မှာ ပြည်သူတစ်ရပ်လုံး မျှော်ရည်ခဲ့တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအ‌ရေးအတွက် ဒါမပြီးဆုံးသေးတဲ့ အရေးတော်ပုံ တော်လှန်ရေးကြီးကို လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ကို ထမ်းရွက်ပြီးတော့ ဒီတစ်ခေါက်မှာတော့ဖြင့် ဒါကို အဆုံးသတ်တိုက်ပွဲအဖြစ် မျှော်ရည်ပြီးတော့ ကျွန်တော်တို့အားလုံးရဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ရာအတွက် ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်နိုင်ဖို့ရာအတွက် အားလုံး လူထုအားနဲ့ ဆက်ချီတက်ပါစို့လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်ခင်ဗျ။

တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတခု (ဩဂုတ် ၈၊ ၂၀၂၄)
တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတခု (ဩဂုတ် ၈၊ ၂၀၂၄)

အင်ကြင်းနိုင်။ ။ ၈၈၈၈ ရဲ့ အားသာချက် အားနည်းချက်တွေကိုရော ဒေါက်တာတေဇာဆန်း ဘယ်လိုမြင်လဲ။

ဒေါက်တာတေဇာဆန်း။ ။ ဒီအရေးတော်ပုံကြိးဟာ သူရဲ့ရှေ့မှာဖြစ်ပေါ်ခဲ့တဲ့ ၁၉၆၂ 7 July အရေးတော်ပုံ၊ ၆၉ ခုနှစ် ကျွန်းဆွယ်လှုပ်ရှားမှု၊ ၇၄၊ ၇၅၊ ၇၆ စတဲ့ လူထုတော်လှန်ရေး အ‌ရေးတော်ပုံတွေရဲ့ ဒါနောက်ဆက်တွဲ သမိုင်း လက်ဆင့်ကမ်းတာဝန်တွေကို ထမ်းရွက်ခဲ့တာဖြစ်သလို၊ ၈၈ နောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ၉၆၊ ၉၇၊ ၉၈ ကျောင်းသားလှုပ်ရှားမှုတွေ၊ နောက် ကျွန်တော်တို့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွေကနေ ကျွန်တော်တို့ ဒီနေ့ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးအရေးတော်ပုံကြီး ကြားထဲက သမိုင်းကွင်းဆက်တိုက်ပွဲ အရေးတော်ပုံကြီးလည်း ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ၈၈၈၈ လူထု အရေးတော်ပုံကြီးဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီစနစ် တော်လှန်ရေးမှာ လုံးဝအထင်ကရ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့ ကျွန်တော်တို့ အနေနဲ့ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ဒေါက်တာတေဇာဆန်းတို့ ပါ၀င်နေတဲ့ နွေဦးတော်လှန်ရေးကရော ရှစ်လေးလုံးအရေးတော်ပုံကြီး ဘယ်လို ဆက်ဆံမှုရှိနေပါလဲ။

ဒေါက်တာတေဇာဆန်း။ ။ ကျွန်တော် ရှေ့မှာ တင်ပြခဲ့သလိုပဲ ၂၀၂၁ ပြည်သူ့နွေဦးအရေးတော်ပုံကြီးဆိုတာကလည်း သီးခြားဖြစ်လာတာမဟုတ်ဘဲ သူ့ရှေ့မှာ ဖြစ်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြိးအပါအဝင် ဒီ လူထုတိုက်ပွဲတွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ နေချင်စဖွယ်တိုင်းပြည်တစ်ခု အဖြစ်တည်ဆောက်ဖို့ရာအတွက် တနည်းပြောရရင် ဒါက တိုင်းပြည်ကို နိုင်ငံရေး စနစ်ကောင်းဖို့ရာအတွက်ပေါ့ဗျာ၊ ဘာစနစ်လဲ ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ့။ ဒီခေတ်ကောင်း စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ရာအတွက် အဆုံးသတ်တိုက်ပွဲအဖြစ် မျှော်ရည်ပြီးတော့ ဒီနွေဦးတော်လှန်ရေးကို ဖော်ဆောင်နေကြခြင်းလည်း ဖြစ်ပါတယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ ၈၈၈၈ အရေးတော်ပုံ အပါအဝင်ပေါ့ မပြီးဆုံးနိုင်သေးတဲ့ ပန်ုးတိုင်ကို မရောက်နိုင်သေးတဲ့ ပြည်သူ့တော်လှန်ရေး ကြီးရဲ့ အဆုံးသတ်တိုက်ပွဲ အဆုံးသတ် အောင်ပွဲအဖြစ်မျှော်ရည်ပြီးတော့ ယနေ့ ဒါ နွေဦးတော်လှန်ရေး ၂၀၂၁ ပြည်သူ့ တော်လှန်ရေး ကြီးကို ဖော်ဆောင်နေကြတာလို့ ကျွန်တော်တို့အနေနဲ့ လူထုတရပ်လုံးက ဒီလိုပဲ လေးလေးနက်နက် နားလည်ထားပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG