သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေနဲ့ မူးယစ်မှောင်ခို သံသယရှိသူတွေ ဖမ်းမိ


ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးပြား ၁၃ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးတွေ၊ ဘိန်းဖြူတွေကို ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်တွေမှာ မူးယစ်ဂိုဏ်းဝင် ၁၀ ဦးကျော်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဗျူရိုကနေ သောကြာနေ့က သတင်းစာရှင်းလင်းပွဲ လုပ်သွားရာမှာ အယုဒ္ဓယပြည်နယ် Bang Pa-in မြို့နယ်အတွင်းက နေအိမ်တလုံးမှာ စိတ်ကြွဆေးပြား ၇,၀၆၀,၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး ၃၀၀ ကီလို၊ ဘိန်းဖြူ ၁၈၄ ကီလိုနဲ့ မူးယစ်ဂိုဏ်းဝင် ၇ ဦးကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် အမှတ် ၅ ဒေသ ရဲဗိုလ်ချုပ် Prachuap Wongsuk က စက်တင်ဘာလ ၁၀ ရက်နေ့မှာပဲ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“ဝင်ပါပေါက်နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၅,၉၀၀,၀၀၀ ပါ ကုန်တင်ယာဉ်ငယ်နဲ့အတူ ရှေ့ဆင့်နောက်ဆင့် လိုက်လာကြတဲ့ ကားလေးစီးကို အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ဝင်တွေက နောက်ကနေ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။” လို့ ပြောသွားတာပါ။

စိတ်ကြွဆေး ၆ သန်းနီးပါးရှိ အိတ် ၃၀ တင်လာတဲ့ ကုန်တင်ကားငယ် ဝင်ရောက်လာမယ့်သတင်းကို ကြိုတင်ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ဂိုဏ်းဝင် ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မူးယစ်ဂိုဏ်းဝင်တွေဟာ ထိုင်းတောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားတဲ့ မူးယစ်တရားခံပြေးအဖြစ် ဝရမ်းထုတ်ထားသူ Boonchai Sae-Moo ဆိုသူ ဦးဆောင်တဲ့ အဖွဲ့က ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

မူးယစ်ကုန်သည် Boonchai က အိမ်နီးချင်းနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ ပို့ပေးတာကို သူ့အဖွဲ့ဝင်တွေက လက်ခံပြီး ထိုင်းနိုင်ငံ ချင်းရိုင်ကနေ အတွင်းပိုင်း အယုဒ္ဓယပြည်နယ်အထိ ပို့ပေးဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်သွားပါတယ်။

ဒီရက်ပိုင်းမှာပဲ ဖမ်းမိတဲ့ မူးယစ်ဆေးကတော့ ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၂,၅၀၀ ကျော် တန်ဖိုးရှိပါတယ်။

ရွှေတြိဂံဒေသက မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ စိတ်ကြွဆေး၊ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ်အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)












XS
SM
MD
LG