[Zawgyi/Unicode]
ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ DVB သတင်းထောက်သုံးဦးအပါအဝင် မြန်မာ ငါးဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကိုဗစ်ကပ်ရောဂါ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်း ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းထောက်တွေ ပြန်လည်လွတ်မြောက်လာဖို့ နိုင်ငံခြားသံရုံးတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ DVB ဒီမိုကရက်တစ်မြန်မာအသံ အမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်က ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားတာပါ။
ကိုသားညွန့်ဦး။ ။ ကိုအေးချမ်းနိုင်ခင်ဗျ၊ DVB သတင်းထောက်တချို့ ထိုင်းနိုင်ငံ ချင်းမိုင်မှာဖမ်းဆီးခံရတယ်လို့ သတင်းကြားပါတယ်။ အဲဒီအခြေအနေရှင်းပြပါလား။
ဦးအေးချမ်းနိုင်။ ။ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ သတင်းထောက်သုံးယောက်အပါအဝင် တတ်ကြွလှုပ်ရှားသူနှစ်ယောက် အားလုံး စုစုပေါင်း ငါးယောက်မှာ ချင်းမိုင်မှာ အဖမ်းခံရတယ်။ DVB ကို လိုင်စင်ရုပ်သိမ်းပြီးတော့ မြန်မာနိုင်ငံမှာ တရားဝင် လုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် ကျနော်တို့ပြင်ပနိုင်ငံကနေ ဆက်လုပ်ဖို့ ဆိုပြီး ရောက်နေကြတာဖြစ်ပါတယ်။
ကိုသားညွန့်ဦး။ ။ ဒီသတင်းတွေကို ထိုင်းက စွဲချက်တင်ပြီလား။
ဦးအေးချမ်းနိုင်။ ။ ဟုတ်ပါတယ်။ စွဲချက်တင်ထားတယ်။ အဓိကတော့ ထိုင်းဥပဒေအရပေါ့ဗျာ။ သူ့နိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့အတွက်ကြောင့် တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားတာပါ။
ကိုသားညွန့်ဦး။ ။ မြန်မာနိုင်ငံမှာလည်း အတော်လေး အထိအရှမခံနိုင်တဲ့ အခြေအနေတွေဖြစ်နေတဲ့အခါကျတော့ မြန်မာဘက်က ဒီသတင်းထောက်တွေ အပ်ဖို့ဆိုပြီး တောင်းတာမျိုးရော ရှိပါသလားခင်ဗျ။
ဦးအေးချမ်းနိုင်။ ။ လောလောဆယ်အထိတော့ မကြားသေးပါဘူး။ ဒါပေမဲ့ သတင်းကလည်း အခုမှ ထွက်လာတဲ့အခါကျတော့ ကျနော်တို့အမြင်ကတော့ တောင်းနိုင်ပါတယ်။ မြန်မာအစိုးရကနေ ထိုင်းကိုလှမ်းပြီး.. သတင်းထောက်တွေကို ပြန်ပို့ပေးဖို့ဆိုတာမျိုး..။ ဒါပေမဲ့ ကျနော်တို့ လက်ရှိ ဒီထိုင်းမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေရော အကုန်လုံးကို ကျနော်တို့ အကြောင်းကြားထားပါတယ်။ ကျနော်တို့ သတင်းထောက်တွေကို ပြန်မပို့ဖို့။ နောက် UNHCR ကနေ သူတို့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ဆိုပြီး ကျနော်တို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် DVB သတင်းဌာနအပါအဝင် သတင်းမီဒီယာ ၅ ခုရဲ့ သတင်းလုပ်ငန်းလိုင်စင်တွေကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက DVB သတင်းထောက်တချို့ဖမ်းဆီးခံရသလို၊ အတော်များများက ပုန်းရှောင်ပြေးနေရပါတယ်။ ဒီကြားထဲမှာ DVB က သူ့ရုပ်သံထုတ်လွှင့်ချက်တွေ ဂြိုလ်တုကနေ ဆက်ပြီး လွှင့်ထုတ်ခဲ့တာပါ။ DVB ဒီမိုကရက်တစ်မြန်မာအသံဟာ ၁၉၉၂ ခုနှစ်ကစလို့ နော်ဝေးအခြေစိုက် ရေဒီယိုအနေနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ရုပ်သံထုတ်လွှင့်မှုစခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံတွင်း ပြန်အခြေစိုက်ပြီး ရုပ်သံသတင်းထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် မေလ ၅ ရက်နေ့ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရမှုကြောင့် အဝေးကနေ ပြန်လည်ထုတ်လွှင့်နေရပါတယ်။
[Unicode Version]