နိုင်ငံတကာ လူထုလှုပ်ရှားမှုကြီးတခုဖြစ်တဲ့ Earth Hour မြေကမ္ဘာအတွက် တနာရီဆိုတဲ့ အထိမ်းအမှတ်ပွဲကို စနေနေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို လူအများသတိထားမိစေရေး စည်းရုံး လှုပ်ရှားမှုဖြစ်ပြီး မြန်မာလူငယ်အများအပြားလဲ ပါဝင်ခဲ့ကြပါတယ်။ AP သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။
မြေကမ္ဘာအတွက် တနာရီဆိုတဲ့ အထိမ်းအမှတ်ပွဲကို World Wildlife Fund ခေါ် ကမ္ဘာ့တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေး ရံပုံငွေအဖွဲ့ကြီးက မြန်မာ အပါအ၀င် ကမ္ဘာတ၀ှမ်းမှာ ဦးဆောင်ကျင်းပ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာအပြောင်းအလဲ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့က ထင်ရှားလှတဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ ဆီမီးထောင်ပေါင်းများစွာ ထွန်းညှိပြီး ကျင်းပခဲ့ပါတယ်။
WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Christy Williams ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုကို လူအများ အာရုံစိုက်လာစေဖို့အတွက် ရွှေတိဂုံဘုရားမှာ ကျင်းပခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ရွှေတိဂုံဘုရားဟာ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးနေရာတခုဖြစ်တယ်လို့ ကျနော်တို့ထင်ပါတယ်။ ကျနော်တို့ အခုလို အထိမ်းအမှတ်ပွဲကို ဒီနေရာမှာ ကျင်းပခြင်းအားဖြင့် လူတွေရဲ့ အထူးအာရုံစိုက်မှုကို ရရှိမှာဖြစ်ပါတယ်။”
မြေကမ္ဘာအတွက် တနာရီ ဆိုတဲ့ နိုင်ငံတကာလှုပ်ရှားမှုကို ၂၀၀၇ခုနှစ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့လှုပ်ရှားမှုကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးကို လူအများ စိတ်ဝင်စားလာအောင် ဆောင်ကျဉ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးဆောင် ပါဝင်သူတဦးဖြစ်တဲ့ မကျော့မှူးသိမ့်က ပြောပါတယ်။
မြေကမ္ဘာအတွက် တနာရီ လှုပ်ရှားမှုကို ကမ္ဘာမြေကို ကယ်တယ်ဖို့ ဆိုတဲ့ ကြွေးကြော်သံနဲ့ နိုင်ငံအလိုက် ဒေသစံတော်ချိန် ည (၈)နာရီခွဲကနေ (၉)နာရီခွဲအတွင်း သတ်မှတ်ပြီး မီးများထိန်းညှိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။