သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အပူချိန် ထိန်းချုပ်ရေးနဲ့ လူတို့စားသုံးမှုပုံစံ ဆက်စပ်


အိန္ဒိယရှိ ဟင်းသီးဟင်းရွက်ရောင်းဆိုင်တခု
အိန္ဒိယရှိ ဟင်းသီးဟင်းရွက်ရောင်းဆိုင်တခု

လူတွေ နေ့စဉ်စားသောက်တဲ့ အစားအစာတွေမှာ အသားစားသုံးမှုကို လျှော့ပြီး အပင်ထွက် ပစ္စည်းတွေကိုပိုမိုစားသုံးတာက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုပမာဏကို လျှော့ချနိုင်မှာဖြစ်ပြီး တနည်းအားဖြင့် ရာသီဥတု ပြောင်းလဲမှု ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေ နိုင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အလုပ်ရုံ ဆွေးနွေးပွဲ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို မမြသဇင်အောင် က ပြောပြပေးပါမယ်။

နောင်လာမယ့်နှစ်တွေအတွင်း ကမ္ဘာကြီး အပူချိန် ၂ ဒီဂရီ ဆဲလ်စရပ် မြင့်တက်လာမှာကို တားဆီးနိုင်ဖို့ အတွက် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ် မှု ကို ကဏ္ဍတိုင်းကနေ လျှော့ချဖို့ လိုအပ်တယ်ဆိုတာကို ဆွေးနွေးပွဲတက်ရောက်လာတဲ့ သိပ္ပံပညာရှင်တွေက သဘောတူ လက်ခံကြပါတယ်။

ကုလသမဂ္ဂစစ်တမ်းတခုအရ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ် မှု ရဲ့ လေးပုံတပုံက စိုက်ပျိုးရေး၊ သစ်တောနဲ့ မြေယာ အသုံးပြုမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ နေ့စဉ် ထုတ်လုပ်နေတဲ့ အစားအသောက်တွေရဲ့ သုံးပုံတပုံလောက်ဟာ အလဟသဖြစ်တာ၊ ဖြုန်းတီး ပစ်တာ တွေရှိနေပြီး ဒီအချက်တွေကို ပြုပြင်နိုင်မယ်ဆိုရင် တနည်းအားဖြင့် ကမ္ဘာမြေကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးရာရောက်တဲ့ အတွက် ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လုပ် မှုပမာဏကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွဲ့ခွဲ ၃ မှာ တွဲဘက်သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ Jim Skea က အခုလိုရှင်းပြပါတယ်။

“ လူတွေနေ့စဉ် စားသုံးနေရတဲ့အစားအစာတွေမှာ မြေယာနဲ့ရေကို အသုံးပြုတာနဲ့ ပတ်သက်နေတာပါ။ နှံစားပင်တွေ၊ အစေ့အဆန်တွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကာဗွန် ပေါင်းစပ်ထုတ်လုပ်မှုက အသားထက်စာရင် ပိုနည်းတဲ့အတွက် ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ တကယ်တော့လည်း စားသောက်မှုပုံစံ ရွေးချယ်တာမှာ ဒေသဆိုင်ရာ အမူအကျင့်တွေနဲ့ ဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုတွေတော့ရှိပါတယ်။”

ကမ္ဘာကြီးပူနွေးလာတာနဲ့ အမျှ အစားအစာ ထုတ်လုပ်မှုလျော့ကျလာမှာ ဖြစ်ပြီး ငတ်မွတ်မှု ပြဿနာတွေပိုတိုးလာမှာ ဖြစ်တယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဆွေးနွေးပွဲ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဖရိက၊ အာရှ ၊ လက်တင်အမေရိကနဲ့ ကာရေဘီယန်လို ဝင်ငွေသိပ်မများတဲ့ နိုင်ငံတွေက ဒီ အကျိုးဆက်တွေကို ပိုပြီးရင်ဆိုင်ရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလိုနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုဒဏ် ကြောင့်ရင်ဆိုင်ရမယ့် ပြဿနာတွေကို ကူညီဖြေရှင်းဖို့အတွက် နိုင်ငံတကာ ငွေကြေး အကူအညီပေးရေး အစီအစဉ်တွေကို တည်ဆောက်သွားမယ်လို့လည်း ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အစိုးရအချင်းချင်း ချိတ်ဆက်ဆွေးနွေးပွဲ IPCC က ဆိုပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ အဖွဲ့ခွဲ ၂ တွဲဘက် သဘာပတိ Debra Roberts က တော့ အစိုးရတွေအနေနဲ့ လယ်ယာ အထွက်တိုးဖို့ တနိုင်တပိုင် လုပ်ငန်းလုပ်တဲ့ လယ်သမားတွေကို ပံံ့ပိုး ကူညီပေးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“ဒီဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးကြတဲ့ အထဲ တနိုင်တပိုင် လယ်သမားတွေကို ကြွေးမြီချထားပေးဖို့လည်းပါပါတယ်။ ဒါမှ ကိုယ်ပိုင်မြေယာ တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ။ ဘယ်လိုနည်းလမ်းတွေ ပြောင်းနိုင်မလဲ ဒါတွေက အရေးကြီးတာပါ။ အဓိကပြောချင်တဲ့ အချက်ကတော့ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ ဆိုရင် ဒါကို ဘယ်လို အမြစ်ဖြတ်မလဲဆိုတဲ့ ရှု့ထောင့်က ကြည့်ဖို့လိုပါလိမ့်မယ်။”

ဒီအစီရင်ခံစာအရ ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၅၀၀ လောက်ဟာ တစ်စ၊ တစ်စနဲ့ သဲကန္တာရလိုဖြစ်လာတဲ့ မြေပေါ်မှာ နေနေကြရတယ်လို့ဆိုပါတယ်။ ဒီလို အခြေအနေတွေက အပူလှိုင်းနဲ့မိုးခေါင်ရေရှားတာလို ရာသီဥတုပြောင်းလဲမှု ဒဏ်ကတွေကို ပိုပြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြရမှာပါ။ ဒါကြောင့် မြေယာတွေ ပျက်သုဉ်းလာတဲ့ ပြဿနာကို တားဆီးဖို့ သိပ္ပံပညာရှင်တွေက တိုက်တွန်းနေကြတာပါ။ ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်တားဆီးဖို့နဲ့ ဒီလို အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင် ကြမလဲဆိုတာ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှု ရလဒ်တွေထဲမှာ အပူဒဏ်နဲ့ မိုးခေါင်ရေရှားတာကို ခံနိုင်ရည်ရှိမယ့် ကောက်ပဲသီးနှံတွေ အရည်အသွေးမြှင့် စိုက်ပျိုးကြဖို့ ၊ ဓာတုဆေးဝါးကင်းတဲ့ လယ်ယာစိုက်ပျိုးရေး စနစ်ကို အသုံးပြုကြဖို့၊ ဝတ်မှုန်ကူးတဲ့ ပိုးမွှားတွေကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့နဲ့ မိုးရေကိုထိန်းသိမ်းထားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG