သမ္မတပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေး သဘောတူညီချက်ဟာ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေအတွက်သာမက အာရှနိုင်ငံတချို့အတွက်ပါ စိုးရိမ်ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်က သူတို့ ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတရပ်အဖြစ် ပြောဆိုနေတဲ့ သမ္မတပူတင်ရဲ့ ဒီခရီးစဉ်ဟာ ဒေသတွင်း ဘယ်လိုရိုက်ခတ်မှုတွေ ရှိနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင်။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ မကြာသေးခင်က ရုရှားသမ္မတပူတင်ရဲ့ အာရှခရီစဥ်ပေါ့နော်။ ဒါဘယ်လောက်ထိ အရေးပါပါသလဲ။ ဘယ်လောက် ထူးခြားပါသလဲ။
ဦးကျော်ဇံသာ။ ။ မင်္ဂလာပါ မြသဇင်။ သိပ်အရေးပါပါတယ်။ ထူးခြားပါတယ်။ အထူးသဖြင့် ရုရှားနိုင်ငံအတွက်ရော၊ သူ ရောက်ရှိခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့အတွက်ကော သိပ်ပြီးတော့ အရေးပါတယ်။ သူတို့တွေအတွက် အများကြီး အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်တဲ့ ခရီးစဥ် ဖြစ်ပါတယ်။ သမ္မတပူတင်တို့အတွက်က စစ်ရေးအရရော၊ နိုင်ငံရေး၊ သံတမန်ဆက်ဆံရေးအရရော အများကြီး အမြတ်ထုတ်နိုင်တဲ့၊ လက်မထောင်နိုင်တဲ့ ခရီးစဥ် ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ဒေသတွင်းနိုင်ငံတွေနဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေအတွက် သိပ်ပြီးတော့ ဂရုတစိုက် မျက်ကလဲဆန်ပြာဖြစ်ပြီးတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်သွားပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတကာရဲ့ နိုင်ငံတကာဆက်ဆံရေး အင်အားချိန်ခွင်လျှာကို နည်းနည်းပြောင်းပြန် ဖြစ်သွားနိုင်သလား။ တဘက်စောင်းနင်း ဖြစ်သွားနိုင်သလားဆိုတာကို သူတို့ အများကြီးထိန်းညှိဖို့ ကြိုးစားရမယ့် ခရီးစဥ် ဖြစ်တယ်လို့ ယေဘုယျအားဖြစ်တော့ ပြောရမှာဖြစ်ပါတယ်။
မေး ။ ။ သူက အရင် မြောက်ကိုရီးယားကို သွားခဲ့တာပါ။ ဆိုတော့ နှစ်ပေါင်း (၂၀) ကျော် အတွင်းမှာ ရုရှားသမ္မတ တယောက်အနေနဲ့ မြောက်ကိုရီးယားကို ပထမဆုံး သွားခဲ့တာပေါ့လေ။ ဒီအပေါ်မှာ အဓိကနောက်ကွယ်က အကြောင်းအရင်းက ဘာဖြစ်ပါမလဲ။
ဖြေ ။ ။ နောက်ကွယ်ကလို့တောင် မပြောပါဘူး။ သူတို့က ပေါ်ပေါ်ထင်ထင်ပဲ ပြောလာတာက ကာကွယ်ရေးကိစ္စက အဓိကပါပဲ။ ရုရှားနဲ့ မြောက်ကိုရီးယားဟာ စစ်အေးကာလတုန်းက အတူတူလက်တွဲပြီးတော့ တိုက်ခဲ့ကြတဲ့၊ ခွဲမရတဲ့ နိုင်ငံတွေပေါ့လေ။ အဲဒီ စစ်ရေးနောက်ပိုင်းမှာ အဆက်အသွယ် ဒီလောက်မရှိကြတော့ဘူးဆိုပေမယ့် အခုလုပ်ခဲ့ကြတဲ့ သဘောတူညီချက်ဟာ စစ်အေးကာလနောက်ပိုင်းမှာ အထူးခြားဆုံး သမိုင်းဝင် မှတ်တိုင်စိုက်ထူချင်တဲ့ သဘောတူညီချက်ဟာ Landmark Pack ဆိုပြီးတော့ နိုင်ငံတကာ သုံးသပ်သူတွေက ပြောကြပါတယ်။ အဓိက သူတို့ သဘောတူတာက တနိုင်ငံ ကျူးကျော်ခံရရင် နောက်နိုင်ငံက ဝင်ရောက်ကူညီခြင်း။ သူ့ကိုရိုက်ရင် ငါ့ကိုရိုက်သလို ခံစားရမယ်ဆိုတဲ့ သဘောပေါ့လေ။ တန်းတူဆက်ဆံမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ပြီးတော့ လက်နက်အပြန်အလှန် ကူညီတာ။ ရုရှားက မြောက်ကိုရီးယားကို မြောက်ကိုရီးယား အဓိက လုပ်ချင်နေတဲ့ နျူကလီးယား၊ မီဇိုင်းတို့ ဒီနည်းပညာတွေ၊ စီးပွားရေး အထောက်အပံ့တွေ ပေးမယ်။ တချိန်ထဲမှာလည်း မြောက်ကိုရီးယားဘက်က ရုရှားမှာ ယူကရိန်းတိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ အမြောက်အများ ထုတ်လုပ်ပေးနိုင်ပြီးတော့ နှစ်နိုင်ငံလုံးအတွက် ကာကွယ်ရေး အကျိုးစီးပွား ရှိပါတယ်။
တချိန်ထဲမှာပဲ ရုရှားသမ္မတပူတင်က မြောက်ကိုရီးယား ခရီးစဥ်တလျှောက်လုံးမှာ အမေရိကန်ကိုလည်း ပြင်းပြင်းထန်ထန် ထိုးနှက်ပြီးတော့ ရှုတ်ချပြီးတော့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အမေရိကန်ဟာ ဗိုလ်ကျစိုးမိုးရေးဝါဒီ ဖြစ်တယ်။ အင်အားသုံးပြီးတော့ နိုင်ငံငယ်တွေကို နိုင်ထက်စီးနင်း လုပ်နေတဲ့နိုင်ငံ ဖြစ်တယ်။ ကမ္ဘာမှာ အဲ့ဒီလို အင်အားသုံးပြီး လုပ်နေတဲ့နိုင်ငံ ဖြစ်တယ်ဆိုပြီး သူက အများကြီးရှုတ်ချသွားပါတယ်။ အဓိကအားဖြင့် မြောက်ကိုရီးယားသွားတဲ့ ခရီးစဉ်က သူတို့ကာကွယ်ရေးကို ပေါ်ပေါ်ထင်ထင်ပဲ သူတို့ လုပ်တယ်။ နောက်ပြီးတော့ ကာကွယ်ရေးနောက်ကွယ်မှာ စီးပွားရေးတွေလည်း အများကြီးပါတာပေါ့လေ။ သူတို့နှစ်နိုင်ငံအတွက်ကတော့ မဟာမိတ်ကို အခိုင်အမာ ပြန်လည်စိုက်ထူလိုက်နိုင်တယ်ဆိုတဲ့ သဘောပါဘဲ။ ဒါပေမဲ့ တောင်ကိုရီးယားဘက်က အဲ့ဒီလိုနိုင်ငံတွေက ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ ပြဿနာ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ တဘက်ကလည်း စိုးရိမ်နေကြပါတယ်။
မေး ။ ။ အဲ့ဒီတော့ သမ္မတပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဥ်နဲ့ ဗီယက်နမ်ခရီးစဥ်ကကော ဘာကွာခြားပါသလဲ။
ဖြေ ။ ။ စောစောက ပြောခဲ့သလို မြောက်ကိုရီးယားခရီးစဥ်က အဓိကစစ်ရေး၊ ကာကွယ်ရေး ဖြစ်တယ်။ ဗီယက်နမ်ခရီးစဥ်က သံတမန်ဆက်ဆံရေးနဲ့ နိုင်ငံရေးကိစ္စ ပိုပြီးတော့အားသန်တယ်လို့ ပြောရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုရီးယားကို ရုရှားခေါင်းဆောင်သွားတာဟာ နှစ်နိုင်ငံလုံးက အပယ်ခံတွေချည်းပဲ။ Two Peril States သူတို့ဟာသူတို့ သူတော်အချင်းချင်း သတင်းလွှင့်ပြီး၊ ပေါင်းဖက်တက်သွားကြတာ မထူးဆန်းပေမယ့်၊ ဗီယက်နမ်ဟာ မြောက်ကိုရီးယားနဲ့ မတူဘူး။ ဗီယက်နမ်ဟာ အမေရိကန်နဲ့လည်း ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ရှိတယ်။ တရုတ် နောက်ပြီးတော့လည်း ဂျပန်၊ သြစတေးလျစတဲ့ နိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ တရုတ်သမ္မတဆိုရင် ပြီးခဲ့တဲ့ တနှစ်ကျော်က သွားခဲ့တယ်။ သမ္မတဘိုင်ဒန်လည်းဘဲ မနှစ်က ဗီယက်နမ်ကို သွားခဲ့တယ်ဆိုတော့၊ အဲဒီအင်အားကြီးနိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်ကြီးတွေနဲ့လည်း တွေ့ပြီးတော့ အခု မကြာခင်မှာပြ သူတို့ရဲ့ပြိုင်ဘက်၊ အမေရိကန်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ရုရှားသမ္မတကိုလည်း တွေ့တယ်ဆိုတော့ ဗီယက်နမ်ဘက်က ကြည့်မယ်ဆိုရင် သူဟာ နိုင်ငံတိုင်းနဲ့ သင့်မြတ်အောင် ဆက်ဆံနိုင်တယ်ဆိုတဲ့ သဘော။
သူတို့ကတော့ သူတို့ရဲ့ သံတမန်ဆက်ဆံရေးကို သူတို့ရဲ့ အာဏာပိုင်တွေကတော့ Bamboo Diplomacy ဝါးပင်လိုပဲ သူတို့ဟာ ထိမှီလို့ရတယ်။ တဘက်သတ် မဟုတ်ဘူးဆိုတာကိုက ပြသတယ်လို့ သူတို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။ ရုရှားဘက်ကလည်း စောစောက ပြောသလို အပယ်ခံနိုင်ငံတွေနဲ့ပဲ ဆက်ဆံနေတာ မဟုတ်ဘူး။ ဗီယက်နမ်လို ဂုဏ်သိက္ခာရှိတဲ့ သမာသမတ်ရှိတဲ့ နိုင်ငံနဲ့လည်း ငါတို့ ဆက်ဆံရေး ထူထောင်နိုင်တယ်ဆိုပြီး ပြသတဲ့သဘော ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ ဆက်ဆံရေးမှာ ရုရှားအတွက် အမြတ်ထွက်တယ် ပြောရမှာပါ။ သို့ပေမဲ့ အမှန်တကယ် ဆန်းစစ်ကြည့်ရင် စစ်အေးကာလတုန်းကလည်းပဲ မြောက်ဗီယက်နမ်ပေါ့လေ။ မြောက်ဗီယက်နမ်က ရုရှားနဲ့ တွဲပြီတိုက်ခိုက်ခဲ့တယ်။ မြောက်ဗီယက်နမ်သည် ရုရှားနိုင်ငံရဲ့ ဆိုဗီယက်ပြည်ထောင်စုကနေ အဓိက အရှေ့တောင်အာရှမှာ ခြေကုတ်စခန်း ဖြစ်ခဲ့တဲ့နေရာပါ။ အဲ့ဒီနောက်ပိုင်းမှာမှ ဗီယက်နမ်နှစ်နိုင်ငံ ပေါင်းစည်းပြီးတော့ ဗီယက်နမ်ရဲ့ နိုင်ငံခြားမူဝါဒ ပြောင်းပြီးတော့ ဒီလောက်ထိ စစ်ရေးတွေ ဘာတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ ဆက်ဆံရေးတော့ မပြတ်တောက်ဘူး။ ဆိုတော့ အခုအခါမှာတော့ သူတို့ ပြန်ပြီးတော့ ပေါင်းစည်းလာတယ်။ စစ်ရေးလို့တော့ မပြောဘူး။ သူတို့ နှစ်နိုင်ငံကြား ချုပ်ဆိုတာဟာ စာချုပ်ပေါင်း ၁၂ ခု ရှိတယ်ဆိုတာ ပေါ်ပေါ်ထင်ထင်။ အကုန်လုံးက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု့ပါပဲ။ နောက် ပိုပြီးအရေးကြီးတာ တခုကတော့ ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ သူတို့ရဲ့ ရေနံတူးဖော်ရေးတွေ ဘာတွေ လုပ်နေတဲ့ကိစ္စတွေ ရှိတယ်။ အဲ့ဒီမှာ ရုရှား အကူအညီပါတယ်။ အဲ့ဒီတော့ တောင်တရုတ်ပင်လယ်မှာလည်း ကျန်တဲ့နိုင်ငံတွေက အဓိက တရုတ်သည်ပင် တဘက်စောင်းနင်းလုပ်လို့ မရဘူး။ ရုရှားက ရှိနေတယ်ဆိုတဲ့သဘော ဖြစ်တယ်ဆိုတော့ စဉ်းစားစရာပါ။ ဒါပေမဲ့ ဗီယက်နမ်အတွက်လည်း အမြတ်ထွက်သလို၊ ရုရှားအတွက်လည်းပဲ သံတမန်ဆက်ဆံရေးအဖြစ် ငါတို့ဟာ မဟာမိတ်တွေ ရှိတယ်ဆိုပြီး ပြသလိုက်ခြင်း ဖြစ်ပါတယ်။
မေး ။ ။ အဲ့ဒီတော့ သမ္မတပူတင်ရဲ့ မြောက်ကိုရီးယားကို သွားတဲ့ခရီးစဥ်က လက်ရှိ ယူကရိန်းအရေးကိုကြတော့ရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။
ဖြေ ။ ။ ပူတင်အတွက်တော့ အများကြီး အထောက်အပံ့ ဖြစ်တာပေါ့။ တကယ်တော့ ယူကရိန်းကို အနောက်နိုင်ငံတွေက ပုံအောပြီးတော့ ထောက်ခံအားပေးနေကြတဲ့ အချိန်မှာ လက်နက်ကော၊ ငွေကြေးကော ထောက်ခံအားပေးနေချိန်မှာ၊ ရုရှားကို ဒီလိုထောက်ခံအားပေးတဲ့ နိုင်ငံတွေက သိပ်နည်းပါတယ်။ အဓိကအားဖြင့် အီရန် ရှိမယ်။ အခု မြောက်ကိုရီးယား ရှိမယ်။ မြန်မာနိုင်ငံတို့ ဘာတို့ ရှိမယ်ဆိုတော့၊ အခု မြောက်ကိုရီးယားနဲ့ ပေါ်ပေါ်ထင်ထင် သဘောတူ စာချုပ်ချုပ်ပြီးတော့ မြောက်ကိုရီးယားကလည်း ဝင်တိုက်မယ်ဆိုတဲ့ သဘောတူညီချက်ထိ ရှိတယ်ဆိုတော့ ရုရှားက တခုခု ငါတို့ကို ထိပါးလာပြီ၊ ဝင်တိုက်လာပြီလို့ ပြောလာရင် မြောက်ကိုရီးယားက ပါဝင်ပြီးတော့ တိုက်မယ့်သဘောမျိုး သဘောတူညီခဲ့ကြတာ ဖြစ်တယ်။သိပ်ခိုင်မာတယ်။ နောက်ပြီးတော့ မြောက်ကိုရီးယားက ပံ့ပိုးပေးမယ့် ခယမ်းမီးကျောက်တွေဟာ အများကြီး ရုရှားမှာ လိုအပ်နေတယ်ဆိုတော့ ယူကရိန်းစစ်ပွဲကို ရုရှားက ပြန်ပြီးတော့ တာရှည်ခုခံနိုင်မယ်။ အပြီးပြတ် နိုင်တော့မယ်လို့ ဘယ်ဘက်ကမှ ပြောလို့မရတဲ့ အခြေအနေပါ။ သို့သော်လဲပဲ မြောက်ကိုရီးယားနဲ့ မဟာမိတ် ဒီလို ခိုင်ခိုင်မာမာ လုပ်လိုက်ခြင်းအားဖြင့် ရုရှားဟာ ပိုပြီးတော့ ခံနိုင်ရည်ရှိမယ်။ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေ ရှိသွားမယ်လို့ ယူဆရပါတယ်။
မေး ။ ။ ဒီလို မြောက်ကိုရီးယားနဲ့ ရုရှားနဲ့ ပိုပြီတော့ ဆက်ဆံရေးနီးကပ်လာတာ တရုတ်၊ ဂျပန်၊ အရှေ့အာရှတို့၊ အရှေ့တောင်အာရှ နိုင်ငံတွေပေါ် ဘယ်လိုရိုက်ခတ်လာနိုင်ပါသလဲ။
ဖြေ ။ ။ အရေးကြီးဆုံးကတော့ ကိုရီးယားကျွန်ဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အဲဒီမှာ တဘက်စောင်းနင်း ဖြစ်သွားနိုင်တယ်။ အစကတည်းက တောင်နဲ့မြောက်က ပဋိပက္ခ ဖြစ်နေတာဆိုတော့ အခုလိုဖြစ်လိုက်တော့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ၊ နိုင်ထက်စီးနင်း လုပ်မှုတွေ ပိုများလာမယ်လို့ ဒီဘက်ကတော့ တွေးမှာပဲ။ ဒါကြောင့် ပူတင်သွားပြီးတဲ့ နောက်တနေ့မှာပဲ တောင်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီးကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ပြီးတော့ မြောက်ကိုရီးယားကို - ခင်များတို့ သိပ်မမြှောက်ပေးနဲ့ဆိုပြီး သတိပေးစကားပြောတယ်လို့ သတင်းထဲမှာ တွေ့ပါတယ်။ တောင်ကိုရီးယားဘက်က ဘယ်လောက်စိုးရိမ်သလဲဆိုတာကို ချက်ချင်းပေါ်လွင်စေပါတယ်။ အလားတူစွာပဲ ဂျပန်တို့ဆိုရင်လည်း မြောက်ကိုရီးယားက ဗုံးစမ်းရင်တော့ ဂျပန်၊ တောင်ကိုရီးယားတို့က အဓိကပစ်မှတ် ဖြစ်နေတော့ အဓိကစိုးရိမ်မှာ ဖြစ်ပါတယ်။ တရုတ်ကလည်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ စစ်ရေးမဟာမိတ်ဖြစ်ရင် သူမပါချင်ဘူး။ သူက ရုရှား ယူကရိန်းကို ကျူးကျော်တာကိုလည်း ပြင်းပြင်းပြပြ ပြတ်ပြတ်သားသားကြီး ထောက်ခံတယ်ဆိုတာကို တရုတ်က ပေါ်လွင်အောင်မနေဘူး။ နောက် ပိုပြီးထင်ရှားတာက သမ္မတပူတင် မကြာသေးခင်က တရုတ်ကို ရောက်လာတုန်းက တရုတ်ကတဆင့် မြောက်ကိုရီးယားကို ဆက်မသွားဖို့ တရုတ်က တားခဲ့တယ်။ ဒါက တရုတ်က ဘာပြသလဲဆိုတော့ - ခင်များတို့ ရုရှားနဲ့ မြောက်ကိုရီးယား၊ တရုတ် သုံးပွင့်ဆိုင် မဟုတ်ဘူးဆိုတာကို ပြသလိုတဲ့သဘော။ ဒါကြောင့် ပူတင်ကို - ခင်များ ဒီကနေပြီးတော့ မြောက်ကိုရီးယားကို မသွားပါနဲ့၊ သီးခြားသွားရင်သွားဆိုတဲ့သဘော။ တရုတ်က ဒါကို ချင့်ချင့်ချိန်ချိန် စဉ်းစားမယ်လို့ ထင်ပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ တည်ငြိမ်းရေး တဘက်စောင်းနင်း ဖြစ်သွားလေမလားလို့ စိုးရိမ်စိတ်တွေ ဖြစ်ကြမှာပဲ။ အဲဒါတွေ အဓိကကျပါတယ်။
မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံနဲ့လည်း ရုရှားက နီးကပ်တဲ့ သံတမန်ဆက်ဆံရေး ရှိပါတယ်။ အခုလို မြောက်ကိုရီးယားနဲ့ ရုရှား ဆက်ဆံရေးက အရှေ့တောင်အာရှမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရုရှားရဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နိုင်ပါသလား။
ဖြေ ။ ။ ဆက်စပ်ပါတယ်။ အဓိကအားဖြင့်တော့ မြန်မာကတော့ စိတ်ထဲတက်ကြွသွားမှာပေါ့။ သူတို့အတွက်တော့ အားတက်စရာ ငါတို့ရဲ့ အဓိက အကူအညီပေးနေတဲ့ ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သဘောတူညီမှုရတာတော့ သူ့အတွက် အထူးအဆန် မဟုတ်ဘူး။ ဒါပေမဲ့ ဗိယက်နမ်ကို သွားနိုင်လိုက်တာဟာ အထီးကျန်မဟုတ်ဘူး၊ ရုရှားဟာ ငါတို့မြန်မာနိုင်ငံကို ဆက်ဆံတာလည်း အပယ်ခံနိုင်ငံအချင်းချင်းမို့ ဆက်ဆံတာ မဟုတ်ဘူး။ နိုင်ငံတကာက လူရိုသေရှင်ရိုသေ ဗိယက်နမ်တို့နဲ့ ဆက်ဆံနေတာပဲဆိုပြီးတော့ ပြသလိုက်တာကြောင့် သူတို့ကတော့ အားတက်စရာ ဖြစ်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံကို ဘာကြောင့် မလာခဲ့သလဲဆိုတာကိုတော့ စဉ်းစားစရာ ဖြစ်တယ်။ မြန်မာကို လာရင်လည်း မထူးဘူး။ မြန်မာက အပယ်ခံနိုင်ငံပဲ။ မြောက်ကိုရီးယားနဲ့တောင် မတူဘူး။ မြောက်ကိုရီးယားမှာ လူထုဆန့်ကျင်တဲ့ တိုက်ပွဲတွေ မရှိဘူး။ မြောက်ကိုရီးယားအစိုးရကို ပြည်သူတွေကလည်း လိုလိုလားလား ရှိနေတဲ့ နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီကို ပြည်သူလူထုက ဆန့်ကျင်နေတာဆိုတော့ မြောက်ကိုရီးယားကို အသိအမှတ်ပြုသလို၊ ရုရှားက မြန်မာနိုင်ငံ စစ်ကောင်စီကို အဲဒီလောက်တော့ အသိအမှတ်မပြုဘူး။ လက်နက်ဝယ်တဲ့ ဖောက်သည်လောက်ပဲ သဘောထားပြီးတော့ ဆက်ဆံတယ်။ လိုချင်တာတောင်းမယ်၊ သူတို့လိုတာ ပေးမယ်။ ဒါကြောင့် စစ်ကောင်စီအကြီးအကဲက မြန်မာနိုင်ငံကနေ ရုရှားကို အစကတည်းက သွားခဲ့တာ စုစုပေါင်းခြောက်ကြိမ် ရှိခဲ့တယ်။ ရုရှားခေါင်းဆောင် ပူတင်က တရားဝင် ဘယ်တုန်းကမှ ကော်ဇောနီ ခင်းကြိုတာ မရှိခဲ့ဘူး။ East Asia Forum မှာလုပ်တဲ့သာ Sideline အစည်းအဝေးပြင်ပမှာ တွေ့ခဲ့တာဖြစ်တယ်။ ဆိုတော့ သူတို့က ဒီလောက်ထိ မြန်မာနိုင်ငံကို ဒီလောက်ထိ ရုရှားဘက်က တန်းတူထားပြီးတော့ ဆက်ဆံနေတာကို မတွေ့ရပါဘူး။ သို့ပေမဲ့ မြန်မာနိုင်ငံအတွက်ကတော့ အားတက်နေမှာပေါ့။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Forum