သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကန်သမ္မတစာချွန်လွှာ (အမေရိကန်အစိုးရ၏ မူဝါဒ)


ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာနေသည့် သမ္မတထရမ့်။
ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာနေသည့် သမ္မတထရမ့်။

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်တဲ့ တချိန်တည်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတရဲ့ ညွှန်ကြားချက် စာချွန်လွှာကို သမ္မတ ဒေါ်နယ်ထရမ့်က မကြာခင်ကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံလို ရန်ဘက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတာဟာ အမေရိကန်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်သစ်တွေ ဖန်တီးဖို့နဲ့ ဆန်းသစ် တီထွင်မှုတွေအတွက် အရေးကြီးပါတယ်။ ဒါကြောင့် အခုစာချွန်လွှာကနေ မဟာမိတ်၊ လက်တွဲဖက် နိုင်ငံတွေအနေနဲ့ ပိုမိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ရာမှာ လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ လုပ်ငန်းနယ်ပယ်တချို့မှာတော့ အမေရိကန်ရဲ့ နိုင်ငံခြားရန်ဘက်တွေနဲ့ ပူးပေါင်း လုပ်ဆောင်တာကို တားမြစ်ထားမှာဖြစ်ပါတယ်။

ဒေါ်လာ သန်း ၁ ထောင်အထက် ရင်းနှီးမြှုပ်နှံမှုတွေအတွက်ကိုတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြန်လည်သုံးသပ်မှုတွေ အမြန်ဆုံးရရှိအောင် လုပ်ပေးမယ်လို့လည်း သမ္မတထရမ့်က ကတိပေးထားပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီ CFIUS အနေနဲ့ နည်းပညာနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုနဲ့ တခြားသော မဟာဗျူဟာကျ အမေရိကန် စီးပွားရေးလုပ်ငန်းတွေမှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်သွားမယ်လို့လည်း သမ္မတအိမ်ဖြူတော်က ရှင်းလင်းထားပါတယ်။

အလေးထားရမယ့် အဆောက်အအုံတွေ အနီးမှာရှိတဲ့ အမေရိကန် လယ်ယာမြေတွေနဲ့ အိမ်ခြံမြေတွေကိုလည်း ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေနဲ့ အရေးကြီးတဲ့ နည်းပညာလုပ်ငန်းတွေမှာ ရန်ဘက်နိုင်ငံတွေ လုပ်ကိုင်ခွင့်မရအောင်လည်း ကန့်သတ်ထားပါလိမ့်မယ်။

တပိုင်းလျှပ်ကူးပစ္စည်း၊ AI ဉာဏ်ရည်တု၊ ကွမ်တမ် (quantum) နည်းပညာ၊ ဇီဝနည်းပညာ၊ အာကာသနဲ့ တခြားသော နည်းပညာတွေအပါအဝင် အရေးပါတဲ့ နည်းပညာလုပ်ငန်းတွေမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းမသွားအောင် ကန့်သတ်မှုသစ်တွေလည်း တိုးမြှင့်ကောင်း တိုးမြှင့်နိုင်ပါသေးတယ်။ ဒါကလည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေနဲ့ တရုတ်ရဲ့ စစ်ဘက်−အရပ်ဘက် ပေါင်းစပ် မဟာဗျူဟာကို ပံ့ပိုးရာ မရောက်စေဖို့ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ထိန်းညှိဆောင်ရွက်တဲ့ တချိန်တည်းမှာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းနိုင်ငံတခုဖြစ်အောင် လုပ်သွားဖို့ သမ္မတထရမ့်က စိတ်ပိုင်းဖြတ် ဆောင်ရွက်နေတာဖြစ်တယ်လို့ အိမ်ဖြူတော်က အလေးပေး ပြောဆိုပါတယ်။

တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်တချို့ဟာ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေ၊ ဉာဏမူ ပိုင်ခွင့်နဲ့ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ ရဖို့အတွက် အမေရိကန် ကုမ္ပဏီတွေမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျ လုပ်ဆောင်နေကြသလို ဒါတွေကိုလည်း တန်ပြန်ရလိမ့်မယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

လက်ရှိ အမေရိကန် စိုက်ပျိုးမြေ ဧက ၄၃ သန်းလောက်ကို နိုင်ငံခြားသား လူပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းတွေက ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ အမေရိကန် နယ်မြေအားလုံးရဲ့ ၂ % ရှိပါတယ်။ ဒီအထဲမှာ တရုတ်လုပ်ငန်းတွေက ပြည်နယ်ပေါင်း ၂၇ ပြည်နယ်မှာ စိုက်ပျိုးမြေဧက ၃ သန်း ၅ သောင်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

တရုတ်ဟာ သူ့ရဲ့ စစ်ရေး၊ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေး ပိုမိုသုံးစွဲနိုင်ဖို့၊ ခေတ်မီ တိုးတက်စေဖို့အတွက် အမေရိကန်ရဲ့ အရင်းအနှီး၊ ဉာဏ်ပညာတွေကို အသုံးချနေတာ ဖြစ်ပါတယ်။ ဒါဟာဖြင့် အစုလိုက်အပြုံလိုက် ထိခိုက်သေကြေစေတဲ့ လက်နက်တွေ၊ ဆိုက်ဘာ စစ်ပွဲနဲ့ တခြားသော အန္တရာယ်တွေနဲ့ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်လို့ အိမ်ဖြူတော်က မှတ်ချက်ပြုပါတယ်။

အမေရိကန်ပြည်ထောင်စုကို အခွင့်ကောင်းယူတဲ့ နိုင်ငံခြားရန်ဘက်တွေကို ဟန့်တားသွားမယ်လို့ သမ္မတထရမ့်က ကတိပြုထားတာနဲ့အညီ အမေရိကန်ရဲ့ အကျိုးစီးပွားကိုဆောင်တဲ့ ရင်နှီးမြှုပ်နှံမှုတွေကိုသာ ခွင့်ပြုပြီး အမေရိကန်ကုမ္ပဏီတွေ တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတာတွေကို ဟန့်တားဖို့၊ တရုတ်က အမေရိကန်ကို ဝယ်ယူနေတာတွေကို ရပ်တန့်ဖို့အတွက် စည်းမျည်းသစ်တွေ ချမှတ်သွားမယ့်အကြောင်း ကတိပြုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG