အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ ၂၀၁၃ ခုနှစ်တုန်းက စစ်တပ်စခန်းတခုကို ဝင်ရောက် တိုက်ခိုက်ရာမှာ ပါဝင်သူ အစ္စလာမ္မစ်စစ်သွေးကြွ ၁၅ ယောက်ကို အင်္ဂါနေ့မှာ အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။
ကိုင်ရိုမြို့တော် မြောက်ပိုင်းက အကျဉ်းထောင် ၂ ခုမှာ အင်္ဂါနေ့ ကွပ်မျက်မှုကို တချိန်ထဲမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒါဟာ အီဂျစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဂျီဟဒ် စစ်သွေးကြွ ၆ ယောက်ကို ကွပ်မျက်ခဲ့ချိန်ကစပြီး အများဆုံး အစုလိုက် အပြုံလိုက် ကွပ်မျက်မှုလည်း ဖြစ်ပါတယ်။
စစ်သွေးကြွ ၁၅ ယောက်စလုံးကို ကြိုးပေးကွပ်မျက် ခဲ့တာပါ။
ပြီးခဲ့တဲ့လ ဆိုင်းနိုင်းက ပလီဝတ်ကျောင်း တခု အတိုက်ခိုက် ခံရမှုမှာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရ ပြီးတဲ့နောက်မှာတော့ အိုင်အက်စ် စစ်သွေးကြွ ခြေမှုန်းရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ အီဂျစ်သမ္မတ Abdel Fattah al-Sisi က စစ်တပ်ကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆိုင်းနိုင်းအခြေစိုက် အစ္စလာမ်တပ်တွေဟာ ဒေသတလွှားမှာ နှစ်ပေါင်းများစွာ လူပေါင်း ရာနဲ့ချီသတ်ဖြတ်ခဲ့ကြတာ ဖြစ်ပြီး အဲဒီထဲမှာ ရဲတွေ၊ စစ်သားတွေနဲ့အရပ်သားတွေ အများအပြား သေဆုံးခဲ့ရပါတယ်။