သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ပုံတင်အစားထိုး UID ကဒ်လုပ်သူတွေ များပြားလာ


မှတ်ပုံတင်အစားထိုး UID စလစ်ကဒ်
မှတ်ပုံတင်အစားထိုး UID စလစ်ကဒ်

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား( OWIC) ကဒ်လုပ်တာနဲ့ ပြည်တွင်းခရီးသွားလာ တာတွေမှာသုံးဖို့အတွက် မှတ်ပုံတင်အစားထိုး UID စလစ် အရပ်အခေါ် စမတ်ကတ်လုပ်သူတွေ အရင်ကထက်ပိုများလာပါတယ်။ အမြန်ကြေးနဲ့ လုပ်ရတာတွေကြောင့် ပေါက်စျေးအမျိုးမျိုးနဲ့ စျေးကွက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီသတင်းရန်ကုန်က ပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ် အရပ်အခေါ် မှတ်ပုံတင်နေရာမှာ ကိုယ်ရဲ့အချက်အလက်တွေကို ကွန်ပျူတာဆာဗာမှာ စနစ်တကျသိမ်းတဲ့စနစ်‌ဖြစ်တဲ့ စမတ်ကတ်ပုံစံနဲ့ပြောင်းလဲဖို့ ယခင် NLD အစိုးရလက်ထက်ကတည်းက ပြင်ဆင်လာတပါ။ အဲဒီနောက် အခု စစ်ကောင်စီလက်ထက်မှာ စတင်အကောင်အထည်ဖော်လာပါတယ်။ ဒါပေမယ့် အခုလက်ရှိထုတ်ပေးနေတာ စမတ်ကဒ် မဟုတ်သေးပါဘူး။ စမတ်ကဒ်စနစ် စတင်နိုင်ဖို့အတွက် ကနဦးအဆင့်အနေနဲ့ စစ်ကောင်စီ လဝကဘက်ကနေ ယာယီစလစ်အနေနဲ့ Unique Identification Number (UID/EID) စလစ် ဆိုတာကို စတင်ထုတ်ပေးနေတာပါ။ ဒီစလစ်ရပြီးသူတွေက နောက်ပိုင်းမှာ စမတ်ကဒ်ကို ထပ်မံလဲလှယ်ရမှာဖြစ်ပါတယ်။ ဒီစလစ်ဟာ ကိုယ့်ဆီမှာရှိတဲ့ နိုင်ငံသားစိစစ်ရေးကဒ် အရပ်အခေါ် မှတ်ပုံတင်မှာပါဝင်တဲ့အချက်အလက်ကို လဝကမှာကွန်ပျူတာထဲသိမ်း ဆည်းထားတဲ့ ကိုယ့်အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်တယ်ဆိုရင်ထုတ်ပေးတဲ့ စလစ် ဖြစ်ပါတယ်။

ဒီစလစ်ရှိမှ ပြည်တွင်းပြည်ပ ခရီးသွားလာတဲ့အခါမှာ အဆင်ပြေနိုင်တာကြောင့် မနက် ၃ နာရီကတည်းက မြို့နယ် လဝကရုံးရှေ့မှာ လာရောက် တန်းစီနေကြတဲ့အထိဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။ လဝကဘက်ကလည်း တနေ့ကို သတ်မှတ်တဲ့ပမာဏအရပဲ ထုတ်ပေးနိုင် တာမို့ နေ့စဉ်တန်းဆီသူတွေများလာသလို အမြန်ကြေးနဲ့ လုပ်တဲ့စျေးကွက်လည်းပေါ်လာပါတယ်။ ရန်ကုန်မြို့တွင်းမှာတော့ ပေါက်စျေးဟာ တဦးကို သောင်းဂဏန်းပေါက်စျေးရှိတယ်လို့ အမြန်ကြေးနဲ့လုပ်ပေးနေတဲ့ လဝကဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ဒီမှာကတော့လေ အမတို့အပြင်မှာ တန်းမစီဘဲနဲ့ အချိန်မရလို့ဝင်ရိုက်တဲ့ဟာတော့ရှိတယ်။ အဲဒါကတော့ တယောက်ကို ၃ သောင်းပေးရတယ်။ နာမည်ရယ်၊ မှတ်ပုံတင်အချက်အလက်တွေ သမီးကိုပြောလိုက်။ စာရေးပြီး ဖောင်ဖြည့်ထားလိုက်မယ်လေ။ မနက်ဖြန်အကြောင်းပြန်ပေးမယ်။ ချက်ချင်းလာဆို ချက်ချင်းထွက်ခဲ့နော်။"

တန်းစီစောင့်ဆိုင်းသူတွေလုပ်တဲ့သူတွေများလာပေမဲ့ ဝန်ထမ်းအင်အား၊ စက်အင်အား မလောက်ငတဲ့ပြဿနာတွေ တာမို့ အခက်အခဲတချို့ ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့လဝကဝန်ထမ်းတဦးက ပြောပါတယ်။

"စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) က ၂၀၂၃ ခုနှစ် မတ်လကစတင်ပြီး နိုင်ငံသားအားလုံး ကို စမတ်ကဒ်လုပ်နိုင်ဖို့ ဒီစလစ်လုပ်ခိုင်းခဲ့ပါတယ်။"

ကိုယ့်အချက်အလက်တွေအလွယ်တကူသိမှာဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့အတူ လူအများစုက သွားရောက်လုပ်ဖို့ အစောပိုင်း ကြောက်ရွံခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကဒ်ပြား(OWIC) ကဒ်လုပ်တာနဲ့ ပြည်တွင်းခရီးသွားလာတာတွေမှာ ဒီစလစ် မဖြစ်မနေရှိဖို့လိုတယ်လို့ကြေညာလိုက်တဲ့နောက် ဒီစလစ်ကိုလုပ်သူတွေ အရင်ကထက်များလာခဲ့ပါတယ်။

ဒီစလစ်တွေကို ကိုယ်နေထိုင်ရာ မြို့နယ်လဝကရုံးတွေမှာ ထုတ်ပေးနေတာပါ။ စစ်ဖြစ်နေတဲ့နေရာတွေနဲ့ ရုံးဖွင့်ဖို့အခက်အခဲရှိတဲ့ နယ်ဒေသက လူတွေကတော့ နီးစပ်ရာနေရာတွေနဲ့ ရန်ကုန်မြို့မှာထုတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း နယ်ကနေလာပြီး ရန်ကုန်မြို့မှာလာထုတ်ချိန် လဝက ထည့်ထားတဲ့ဒေတာအချက်အလက်မှာ နာမည်မှားတာ၊ မွေးသက္ကရာဇ်မှားတာ မိဘနာမည်တွေမှားတာတွေရှိရင်တော့ သက်ဆိုင်ရာနေထိုင်ရာနေရာမှာ ထောက်ခံစာယူပြန်ပြင်ရမှာပါ။

နယ်မြို့တွေကမဟုတ်ဘဲ ရန်ကုန်မှာနေထိုင်သူလူတော်တော်များများမှာလည်း အချက်အလက်မှားတဲ့ပြဿနာတွေကြုံကြရပါတယ်။ ဒီလိုမှားယွင်းတယ်ဆိုရင် အရင်လုပ်ထားတဲ့ မှတ်ပုံတင်တွေ၊ နိုင်ငံကူးလက်မှတ်တွေကိုပယ်ဖျက်ပြီး အသစ်ပြန်လုပ်ရတာတွေရှိတာမို့ လူထုက အခက်အခဲတွေနဲ့ပိုရင်ဆိုင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်ပြဿနာတခုကတော့ နာမည်တူ၊ မှတ်ပုံတင်နံပါတ်တူတွေပေါ်ထွက်လာတာပါ။ ဘယ်လိုကြောင့် အဲဒီလိုတွေထွက်ပေါ်လာလသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိပေမဲ့ အစအဆုံးပြန်လုပ်ရတာတွေကြောင့်အခက်အခဲတွေ ရင်ဆိုင်နေရတာတွေကို ရန်ကုန်မြို့ခံတဦးကအခုလိုပြောပြပါတယ်။

"စမတ်ကဒ်လုပ်တော့ အမနာမည် မွေးသက္ကရာဇ် တူတဲ့သူပေါ်နေတယ်။ အဲဒါနဲ့ကိုယ်ကအမှန်ဖြစ်တယ်ဆိုတာကို အဆင့်ဆင့် ထောက်ခံချက် ပြန်ယူနေရတယ်။ စိတ်ရှုပ်ရတာပေါ့နော်။ မှတ်ပုံတင်က သူတို့ပဲထုတ်ပေးခဲ့တာလေ။ ကိုယ်လည်းလုပ်လို့ရတာမဟုတ်ဘူးလေ။ ဘယ်လိုတွေမှန်းမသိတာ။ တန်းစီရ။ ဟိုရုံးသွားရ ဒီရုံးသွားရနဲ့။ စနစ်တခုပြင်တိုင်း ဘာမှအဆင်ပြေတယ်မရှိဘူး။ အဆင်ပြေအောင်လည်း လုပ်မပေးတော့ လူတွေပဲ ပိုဒုက္ခရောက်တယ်။"

ရန်ကုန်မှာ အမြန်ကြေး သောင်းဂဏန်းသာရှိပေမဲ့ နယ်စပ်ဒေသတွေ အထူးသဖြင့် မြဝတီ၊ မူဆယ်ဘက်တွေမှာတော့ ဒီစလစ်ရဖို့ သိန်းချီထိရှိပေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လဝကဘက်က အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုထားပေမဲ့ သက်ဆိုင်ရာဌာနတွေမှာတော့ ဒီစျေးကွက်ကရှိနေပါတယ်။

တရုတ်ဘက်ကိုသွားအလုပ်လုပ်ဖို့ဆိုရင်လည်း ဒီစလစ်ရှိရမှာမို့ နေ့စဉ်လာလုပ်သူတွေများလာပါတယ်။ လက်ရှိအမြန်ကြေးစျေးကွက်နဲ့ပတ်သတ်လို့ သူက ခုလိုပြောပြပါတယ်။

"အဲမှာက တရုတ်ပြည်ထဲဝင်ဖို့ဆိုပြီးတော့ ရောက်နေကြတဲ့သူတွေလည်း လုပ်ကြတယ်။ အခက်အခဲတွေကတော့ရှိတယ်ဆရာမ။ လုပ်တဲ့အခါမှာလည်း အခကြေးငွေက အများကြီးပေးရတယ်။ ၄-၅သိန်း၊ ၁၀ သိန်းထိပေးရတယ်။ ပိုက်ဆံမရှိတဲ့သူကတော့ တန်းစီရတာပေါ့။ လုပ်တော့လည်း ပထမတော့တနေ့ ၄၀၀ လောက်လုပ်တယ်။ နောက်ပိုင်း ၈၀၀ ကျော်လုပ်နိုင်တယ်ပြောတယ်။ ဒါပေမဲ့ လူဦးရေကများလာတော့ တအားတန်းစီရတယ်။ အဲတော့ကြာနေတာလို့ပြောတယ်။ ခုက အဲကဒ်ရှိမှ ဟိုကိုဝင်လို့ရတာ။ အဲဒါကြောင့်မို့ အဲလိုစျေးတွေကြီးတာ။ လူတွေတန်းစီပြီး ဒုက္ခရောက်နေရတာ။"

ပြီးခဲ့တဲ့မေလ ၁ ရက်ကစတင်ပြီး တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံဘက်ကိုသွားရောက်အလုပ်လုပ်မယ်ဆိုရင် နယ်စပ်ဖြတ်သန်းခွင့် လျှောက်ထား သူတွေအနေနဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတခုတည်းပါရှိရုံနဲ့ မရတော့ဘဲဒီစလစ်ပါမှပဲ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေ ထုတ်ပေးမယ်လို့ လဝကဘက်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG