နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်နယ်တော်တော်များများ ကြိုတင်မဲတွေ ပေးနေကြတဲ့အချိန်မှာပဲ ကြိုတင်မဲပုံးတချို့ ဖျက်ဆီးခံနေပါတယ်။ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ရေဘေးဒဏ်ကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ အခက်အခဲနေချိန်မှာ ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။
ကြိုတင်မဲတွေကို စာတိုက်ပုံး၊ ဒါမှမဟုတ် သတ်မှတ်နေရာတွေမှာထားတဲ့ ကြိုတင်မဲပုံးတွေထဲမှာ ထည့်နေကြချိန် နိုင်ငံအနောက်ပိုင်း ဝါရှင်တန်ပြည်နယ်နဲ့ အိုရီဂွန် ပြည်နယ်တွေမှာ တနင်္လာနေ့ မနက်အစောပိုင်းက ကြိုတင်မဲပုံးတွေ မီးရှို့ခံရတာကြောင့် မီးရှို့တဲ့သူကို ဖမ်းနိုင်ဖို့ သက်ဆိုင်ရာက ကြိုးစားနေပါတယ်။
ကြိုတင်မဲပုံးတွေ မီးလောင်သွားတဲ့အတွက် ရာနဲ့ချီတဲ့ ကြိုတင်မဲတွေ မီးလောင်ပျက်ဆီးခဲ့ပါတယ်။ တချို့ မဲဆန္ဒရှင်တွေက မဲပြန်ပေးမယ်လို့ ပြောပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေ ဒီထက်မက ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။
မကြာသေးခင်က ဟာရီကိန်း Helene ကြောင့် ရေလွှမ်းမိုးမှုတွေ အကြီးအကျယ်ကြုံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရေဘေးသင့် ပြည်သူတော်တော်များများ သူတို့ရဲ့ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင် သက်သေအထောက်အထားတွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် မဲပေးဖို့ အခက်အခဲတွေ့နေကြပါတယ်။ လူတွေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မဲရုံတွေ ပြောင်းရွေ့တာ၊ ပိတ်တာတွေရှိတဲ့အတွက် ဆန္ဒမဲကို စောစောကြိုပေးကြဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပါတယ်။
ဒီနှစ်ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မလောင်းအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်၊ ပွတ်ကာသီကာ အဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးကောက်ပွဲအဖြစ် ခန့်မှန်းကြတာပါ။ ဒါကြောင့် မဲမပေးဖြစ်လို့ ကိုယ်ထောက်ခံတဲ့ ကိုယ်စားလှယ် ကပ်ပြီးရှုံးသွားတာမျိုး ဖြစ်သွားမှာကို မဲဆန္ဒရှင်တွေ စိုးရိမ်နေတာဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့ အချိန်မှာ သမ္မတလောင်းနှစ်ယောက်ကတော့ မဲဆွယ်ပွဲတွေ အကြိတ်အနယ် ဆက်ကျင်းပနေပြီး အနောက်တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ စပိန်စကားပြော လက်တင်အမေရိကနွယ်ဖွားတွေကို အဓိက စည်းရုံးနေကြပါတယ်။
Forum