သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၅)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To face fire, To ride off into the sunset နဲ့ To take the wheel တို့ကို တင်ပြထားပါတယ်။

(၁) To face fire

To face (ရင်ဆိုင်တာ)၊ fire (မီး) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးကိုရင်ဆိုင်တာ ဖြစ်ပါတယ်။ မီးဆိုကတည်းက နေ့စဉ်ဘဝမှာ ပူလောင်တဲ့၊ စိတ်သောကရောက်စေတဲ့ အပြုအမှုကို ရည်ညွှန်းတဲ့အတိုင်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ဝိုင်းပြစ်တင်ဝေဖန်ခံရတာနဲ့ ရင်ဆိုင်ရတာ၊ ဒေါသအမျက်အထွက်ခံရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်ရဲ့ HHS (Health and Human Services) လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်လုပ်ငန်းဌါနဝန်ကြီး Tom Price အနေနဲ့ မေလကစလို့ စင်းလုံးငှားလေယာဉ်တွေ နဲ့ အစိုးရပိုင်လေယာဉ်တွေကို သူ ခရီးသွားရာမှာ အသုံးပြုခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်ငွေ ဒေါ်လာတစ်သန်းကျော် ကုန်ကျခဲ့တဲ့အတွက်ကြောင့် အသက် (၆၃) နှစ်အရွယ် Georgia ပြည်နယ်က အောက်လွှတ်တော်အမတ်အဖြစ် သက်တမ်း (၇) ကြိမ် ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးဖြစ်လာတဲ့ Price အနေနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေ အပါအဝင် သတင်းမီဒီယာ နဲ့ လူထုရဲ့ ဝိုင်းပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပြီးနောက် စက်တင်ဘာ (၂၉) ရက်နေ့က သမ္မတ Trump ထံ နှုတ်ထွက်စာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Politico Online သတင်းစာကြီးက Price resigns from HHS after facing fire for travel လို့ သတင်းခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is facing fire from his manager for misusing the company’s funds.

John က ကုမ္ပဏီရဲ့ ငွေကို အလွဲသုံးစားလုပ်တဲ့အတွက် သူ့မန်နေဂျာရဲ့ ဒေါသထွက်တာကို ခံနေရတယ်။

(၂) To ride off into the sunset

Ride off (တခုခုကို စီးပြီး ထွက်သွားတာ)၊ into the sunset (နေဝင်တဲ့နေရာဆီသို့ ဦးတည်သွားတာ ဖြစ်ပါတယ်)ဖြစ်ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုကိုစီးပြီး နေဝင်တဲ့ဆီကို ဦးတည်ထွက်သွားတာ ဖြစ်ပါတယ်။ တနည်းတော့ Sunset ဆိုတဲ့ နေဝင်ချိန်ဟာ နေမင်းရဲ့ အပူဒဏ်ခံရပြီးနောက် နေဝင်လို့ အေးမြတဲ့အချိန်ကို ရည်းစူးတာ ဖြစ်တဲ့အတိုင်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က အဆုံးမှာ ပြဿနာတွေကို ကျော်လွှားပြီး အေးချမ်းတဲ့ဘဝသစ်ကို စတင်လိုက်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက Cowboy ဇာတ်ကားတွေကဖြစ်ပြီး ၊ လူဆိုးတွေ သောင်းကျန်းနေတဲ့ မြို့တွင်းကို လူကောင်း Cowboy က မြင်းစီးဝင်လာပြီး အဲဒီမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းအပြီး၊ မြို့ကနေ မြင်းစီးပြီး နေဝင်ချိန်မှာ အေးအေးဆေးဆေး တခြားနေရာကို ထွက်သွားတဲ့ ပုံရိပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Ride အစား Drive, Walk စအစရှိတဲ့ ကြိယာတွေကိုလည်း အစားထိုးပြီး သုံးနိုင်ပါတယ်။ ဒီအသုံးကို ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်လုပ်ငန်းဌါနဝန်ကြီး Tom Price က စင်းလုံးငှားလေယာဉ်တွေ၊ အစိုးရလေယာဉ်တွေသုံးပြီး ဒေါ်လာ တစ်သန်းကျော်ပြည်သူ့အခွန်ငွေကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံရပြီးနောက် ရာထူးကနေ နှုတ်ထွက်သွားခဲ့တာနဲ့ ပတ်သက်လို့ The Atlantic သတင်းစာကြီးက Tom Price flies off into the sunset ခေါင်းကြီးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ Flies off ကို အသုံးပြုတာကတော့ သူ့အနေနဲ့ လေယာဉ်တွေစီးပြီး အလွဲသုံးစား လုပ်ခဲ့တဲ့အတွက်ကြောင့် Fly ဆိုတဲ့ ကြိယာကို အစားထိုးသုံးခဲ့တာ ဖြစ်ပါတယ်။ တနည်းတော့ လေယာဉ်ခရီးသွားကိစ္စတွေကြောင့်ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပြီးနောက်၊ ပြသနာရှုပ်ထွေး လှတဲ့ဝန်ကြီးတာဝန်တွေကိုစွန့်ခါ၊ ရှေ့ဘဝခရီး လေယာဉ်စီးပြီး အေးချမ်းတဲ့နေရာကိုသွားတဲ့သဘောမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Fly off အစား Ride off into the sunset ဆိုတဲ့အီဒီယံအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After working hard for three years to finish the project, it’s now time for me to ride off into the sunset.

ဒီစီမံကိန်းကြီး ပြီးစီးအောင် (၃) နှစ်လုံးလုံး ကြိုးစားခဲ့ပြီးနောက် အခုတော့ ဘဝမှာ အေးအေးဆေးဆေး အနားယူဖို့၊ ကျနော့်အတွက်အချိန်တန်ပြီ။

(၃) To take the wheel

To take (ယူတာ)၊ the wheel (ကားဘီး) ဖြစ်ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကားဘီးကို ယူလိုက်တာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ကားမောင်းဖို့ ကားစတီယားတိုင်ကို ကိုင်လိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မော်တော်ကား မောင်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာသေးမီက Saudi Arabia နိုင်ငံက အမျိုးသမီးတွေ အခွင့်ရေးနဲ့ ပတ်သက်လို့ အရင်က မော်တော်ကား မောင်းခွင့် ပိတ်ပင်ထားရာကနေ Saudi အိမ်ရှေ့မင်းသား Mohammad bin Salman က ၂၀၁၈ ဇွန်လကစလို့ အသက် (၁၈) နှစ်ပြည့်တဲ့ Saudi အမျိုးသမီးတွေကို မော်တော်ကားမောင်းခွင့်ပြုတော့မယ်လို့ အမိန့်ထုတ်လိုက်တဲ့အတွက်ကြောင့် သတင်းမီဒီယာတွေက At last Saudi women will be allowed to take the wheel လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Starting from June 2018, Saudi women who are at least eighteen will be able to take the wheel in their country.

၂၀၁၈ ဇွန်လကစလို့ အသက် (၁၈) နှစ်ပြည့်တဲ့ အ Saudi မျိုးသမီးတွေဟာ သူတို့နိုင်ငံမှာ ကားမောင်းခွင့်ရကြတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက To face fire, To ride off into the sunset နဲ့ To take the wheel တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG