သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃၀)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Pink slip, On the same page နဲ့ On the same wavelength တို့ကို တင်ပြထားပါတယ်။

(၁) Pink slip

Pink (ပန်းရောင်)၊ slip ဒီနေရာမှာ နာမ် (noun) အဖြစ်နဲ့ သုံးထားပြီး စက္ကူစ (ဒါမှမဟုတ်) ဖြတ်ပိုင်းစကို ဆိုလိုပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကပန်းရောင်စက္ကူဖြတ်ပိုင်းစ ဖြစ်ပါတယ်။ ဒီအသုံးက အမေရိကန် ကုမ္ပဏီတွေမှာ အလုပ်သမားတွေကို အလုပ်ကနေရပ်ဆိုင်းတဲ့ အကြောင်းကြားစာကို စက္ကူပန်းရောင်နဲ့ ရိုက်နှိပ်လေ့ ရှိတဲ့အတွက်ကြောင့် Pink slip ရဲ့ အီဒီယံအဓိပ္ပါယ်က အလုပ်ထုတ်တဲ့စာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကိုလူအများ အံ့သြသင့်ခဲ့တဲ့ သတင်းတပုဒ်ဖြစ်တဲ့ မတ်လ (၁၃) ရက်နေ့က သမ္မတ Donald Trump က Twitter ကတဆင့် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ရာထူးကနေ ဖြုတ်ပစ်လိုက်တဲ့အကြောင်း ရေးသားခဲ့သလို၊ အဲဒီနေ့မှာပဲ Tillerson အနေနဲ့ သမ္မတ Trump နဲ့ စကားမပြောဖြစ်သလို၊ ဘာကြောင့်သူ့ ကို ရာထူးကနေ ဖယ်ရှားတယ်ဆိုတာကိုလည်း မသိတဲ့အကြောင်း လူထုဆက်ဆံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Steve Goldstein က ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက်ကြောင့် သူပါ အလုပ်ထုတ်ခြင်းခံခဲ့ရပါတယ်။ တဘက်မှာတော့ Tillerson နေရာမှာ CIA ညွှန်ကြားရေးမှူးချုပ် Mike Pompeo ကို ခန့်အပ်မယ်လို့ Trump က ပြောခဲ့သလို၊ Pompeo နေရာမှာလည်း လက်ရှိအမျိုးသမီး CIA လက်ထောက် ညွှန်ကြားရေးမှူးချုပ် Gina Haspel ကိုခန့်အပ်မယ်လို့ ကြေညာခဲ့တဲ့အတွက် Fox News ရုပ်သံလွှင့်ကနေ Pink slips and promotions fly at White House in chaotic day of turnover - အိမ်ဖြူတော်မှာ ကသောင်းကနင်း ဖြစ်တဲ့နေ့မှာ အလုပ်ဖြုတ်တာတွေ၊ ရာထူးတိုးပေးတာတွေ ပလူးပျံခဲ့တယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

John was shocked when he received a pink slip from his company today.

John က သူ့ ကုမ္ပဏီကနေ အလုပ်ထုတ်တဲ့စာ ဒီကနေ့ လက်ခံရရှိတဲ့အတွက် သိပ်ကို အံ့သြသင့် တုန်လှုပ်သွားခဲ့တယ်။

(2) To be on the same page

To be (ဖြစ်တာ၊ ရှိတာ)၊ on (အပေါ်မှာ)၊ the same page (စာမျက်နာ တူနေတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စာမျက်နာ တမျက်နာထဲမှာ အတူတူရှိနေတာ ဖြစ်ပါတယ်။ တနည်းတော့ လူနှစ်ဦး ဖတ်နေတဲ့ စာမျက်နာ နံပတ်ချင်း တူနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဖတ်နေတဲ့ စာမျက်နာချင်း တူနေတယ်ဆိုကတည်းက ဖတ်တဲ့ အကြောင်းအရာလည်း တူမှာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးနဲ့ နောက်တဦးကြား သဘောထားချင်း၊ ခံယူချက်၊ နားလည်မှု၊ အဓိပ္ပါယ် ကောက်ယူမှုတွေ တသဘောတည်း ရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို နိုင်ငံခြားရေးဝန်ကြီး Tillerson ရာထူးမှာ ရုတ်တရက် ထုတ်ပစ်ခြင်း ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သမ္မတ Trump နဲ့ Tillerson ကြား အမြင်ချင်း မတူတာ အကြိမ်ပေါင်း (၁၁) ကြိမ် ရှိတယ်လို့ Boston Globe သတင်းစာကြီးက ချပြရာမှာ 11 times Trump and Tillerson haven't been on the same page ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

Joe is not on the same page as his friend on gun control issues.

သေနတ်ထိန်းချုပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ Joe က သူ့သူငယ်ချင်းနဲ့ အမြင်ချင်း မတူဘူး။

(3) On the same wavelength

On (အပေါ်မှာ)၊ the same (အတူတူ)၊ wavelength (မီတာလှိုင်း) ဖြစ်ပြီး စကားတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီတာလှိုင်းအတူတူပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ရေဒီယိုအသံလွှင့်မီတာလှိုင်းကနေ ထုတ်လွှင့်မှုတွေကို ဖမ်းယူနားဆင်ရာမှာ မီတာလှိုင်းချင်း တူနေတယ်ဆိုရင် နားထောင်တဲ့ ထုတ်လွှင့်ချက်တွေကလည်း တူနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးနဲ့တဦးကြား အမြင်ချင်းတူတာ၊ သဘောထားချင်း တိုက်ဆိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က ဝန်ကြီး Tillerson ကို ရာထူးကနေ ထုတ်ပစ်အပြီး၊ သူ့နေရာမှာ အစားထိုးခန့်အပ်မယ်လို့ ကြေညာခဲ့တဲ့ CIA Director Mike Pompeoနဲ့ သူဟာ အမြင်ချင်းတူတယ်၊ သဘောထားချင်းတိုက်ဆိုင်တယ်၊ စိတ်တူကိုယ်တူ ဖြစ်တယ်ဆိုတာကို သတင်းထောက်တွေကို ပြောကြားခဲ့တဲ့အတွက် ၊ Trump : Mike Pompeo and I are on the same wavelength လို့ သတင်းစာတွေက ရေးသားခဲ့တာ ဖြစ်ပါတယ်။ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It is great to work with people who are on the same wavelength.

အမြင်ချင်းတူတဲ့ လူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာကောင်းတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Pink slip, On the same page နဲ့ On the same wavelength တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG