သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ် ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲ


ASEAN Myanmar
ASEAN Myanmar

(Zawgyi/Unicode)

မြန်မာ့နိုင်ငံအရေးဖြေရှင်းဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူနိုင်းနိုင်ငံက ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် မြန်မာ စစ်ကောင်စီဘက်က အတည်ပြုလက်ခံလိုက်ပါတယ်။ ဒီလို လက်ခံလိုက်ပေမယ့် မြန်မာနိုင်ငံရေးမှာ ထူးထူးခြားခြား တိုးတက်တာ မရှိနိုင်ဘူးလို့ ဝေဖန်တာတွေရှိသလို ကိုယ်စားလှယ်အနေနဲ့ ထိထိရောက်ရောက် ကြိုးစားဖို့ လိုတယ်လို့ သုံးသပ်တာတွေလည်းရှိပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။

အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူနိုင်းနိုင်ငံက မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး H.E Dato Erywan Pehin Yusof ကို ခန့်အပ်တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်က သဘောတူလက်ခံလိုက်ပါတယ်။

အခုလို မြန်မာ့နိုင်ငံရေးကို ဖြေရှင်းဖို့ အထူးကိုယ်စားလှယ် အဖြစ် သဘောတူလက်ခံလိုက်ပေမယ့် မြန်မာ့နိုင်ငံရေးမှာ တိုးတက်လာတာ မရှိနိုင်ဘူးလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလိုပြောပါတယ်။

“အာဆီယံက အထူးကိုယ်စားလှယ် လွှတ်လိုက်တယ်။ လွှတ်လိုက်တယ်ဆိုရင် ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ သူတွေအားလုံးနဲ့ အထူးသဖြင့် လက်ရှိ ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဒီခေါင်းဆောင်တွေကို တွေ့ခွင့်တော့ ပေးလိမ့်မယ်လို့ မထင်ပါဘူး။ သူတို့အနေနဲ့ သံတမန်ရေး ထုံးစံအရ သူတို့ကတဆင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပြောပြတာ ရှင်းပြတာ အဲ့ဒါမျိုးတွေပဲ လုပ်လိမ့်မယ်။ အဲ့ထက်ပိုပြီး ကျွန်တော့်အနေနဲ့ သိပ်ပြီးတော့ မျှော်လင့်မထားပါဘူး။ အာဆီယံနိုင်ငံတွေမှ မဟုတ်ဘူး ကမ္ဘာ့ ကုလသမဂ္ဂက ခန့်ထားတဲ့ ကုလမသဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကိုတောင် ပြည်တွင်းတောင် ဝင်ခွင့်မပြုတဲ့ အစိုးရဖြစ်တာကို အခုက အာဆီယံကတော့ အိမ်နီးချင်းနိုင်ငံတွေ အိမ်နီးချင်း အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကျတော့ မကောင်းတတ်လို့ သူ့အနေနဲ့ လက်ခံတာပေါ့ဗျာ။ အဲ့လိုခန့်လိုက်တဲ့အတွက် မြန်မာပြည် ပြသနာနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ထွန်းကားတိုးတက်လာစရာ အကြောင်းမရှိဘူး အကြောင်း မမြင်ဘူးလို့ပဲ သုံးသပ်ပါတယ်။”

ဒီကနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ အရင်အဆိုပြုထားတဲ့ ကိုယ်စားလှယ်အမည်စာရင်းတွေကို ရုတ်သိမ်းပြီး ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး H.E Dato Erywan Pehin Yusof ကို အဆိုပြုခဲ့တဲ့အပေါ်မှာ မြန်မာစစ်ကောင်စီဘက်က ဆွေးနွေးအတည်ပြုခဲ့တာပါ။

အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံး ညှိနှိုင်းဆွေးနွေးဖို့ ၊ အထူးသံတမန် ခန့်အပ်ဖို့ ၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံလာပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ဆိုတဲ့ စတဲ့ မူဘောင် ၅ ချက်ကို ချမှတ်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းပြီး ၆ လအထိ တစုံတခုမှ မပြုလုပ်ခဲ့ပါဘူး။

အာဆီယံနိုင်ငံတွေက တိုက်တွန်းထားတဲ့ အချက် ၅ ချက်ကို အထူးကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး သုတေသီတဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းက အခုလိုပြောပါတယ်။

“ဆွေးနွေးပွဲအစည်းအဝေးလုပ်တယ်။ အဲ့မှာ မူဘောင် ၅ ချက်ကို ချလိုက်တယ်။ မြန်မာစစ်ကောင်စီကလည်း ဒါကို လက်ခံပါတယ်ပြောတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာသေးဘူး။ ဆိုတော့ နိုင်ငံရေးအရ နိုင်ငံတကာ ဆက်ဆံရေးအရ သူဘယ်လောက်ထိ ထိုးဖောက်နိုင်မလဲ အခုလက်ရှိအခြေအနေထိတော့ ဘာမှ ထူးခြား မလာသေးဘူး။ ဒီပုဂ္ဂိုလ်အပေါ်မှာ အများကြီး မူတည်နေတာ။ ထွန်းပေါက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တဖက်က ကြည့်ရင်လည်း စစ်ကောင်စီအနေနဲ့ မိုးလားကဲလားပြောပြီးတော့ ဟိုဟာတွေဖွဲ့ ဒီဟာတွေဖွဲ့နဲ့ ဒီကြားထဲမှာ အာဆီယံကိုယ်စားလှယ်ကို လက်မခံဘူးဆိုရင် သူတို့မျက်နှာ သူတို့ ရွံ့နဲ့ပက်တာ အတူတူပဲ။ အဲ့လိုလည်း အဖြစ်မခံနိုင်ဘူးလေ။ ဆိုတော့ အဲ့ဒါကြောင့် လက်ခံလိုက်တယ်လို့ ထင်ပါတယ်။”

စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လကျော်အချိန်မှ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ်ကို လက်ခံလိုက်တာဖြစ်ပါတယ်။ အာဆီယံကခန့်အပ်တဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အနေနဲ့ သူ့တာဝန်တွေကို မကြာခင်မှာ စတင်တော့မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဘက်ပေါင်းစုံက လူတွေနဲ့ အပြည့်အ၀ တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သီးခြားထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ကို သဘောတူ လက်ခံတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် အထူးကိုယ်စားလှယ်ကို ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားနိုင်ငံငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပြုမပြုဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။

..............................................................................................


(Unicode)











Myanmar ASEAN
please wait

No media source currently available

0:00 0:04:34 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG