သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးသံခန့်အပ်ရေး အာဆီယံကို ကန် တွန်းအားပေး


(Zawgyi/ Unicode)

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေး အရေးကြီး ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ထပ်မံ ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု အရေး ဖြေရှင်းဆောင်ရွက် နိုင်ရေး အတွက် ASEAN အထူးကိုယ်စားလှယ် ရွေးချယ်ရေး တိုက်တွန်းဖို့လည်း ရှိနေပါတယ်။ အာဆီယံနဲ့ မြန်မာ စစ်ကောင်စီ ကြားမှာတော့ အထူးကိုယ်စားလှယ် လျာထား ရွေးချယ်မှု လုပ်ငန်းစဉ် ရှိနေပေမယ့် သဘောတူညီမှု မရသေးပါဘူး။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းက ပြသနာတွေ ဖြေရှင်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာရေး အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကို အင်္ဂါနေ့မှာ အလေးပေး ပြောဆိုခဲ့ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချီးကျူး ပြောဆိုခဲ့ပါတယ်။

အာဆီယံ ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲတွေကို တက်ဖို့ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ အင်္ဂါနေ့က ဝါရှင်တန် ဒီစီမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ပြန်လည် ကျင့်သုံးရေး၊ ဖမ်းထားသူ အားလုံး ပြန်လွှတ်ပေးရေးနဲ့ စစ်တပ်ဘက်က အကြမ်းဖက်နေတာတွေ ရပ်တန့်ရေး တွန်းအားပေး ဆောင်ရွက်မယ့်
မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အာဆီယံ နိုင်ငံတွေကို တိုက်တွန်းမယ့် အကြောင်း နိုင်ငံခြားရေး ဌာန အကြီးတန်း တာဝန်ရှိသူ ၂ ဦးက ပြောဆိုထားပါတယ်။

တချိန်တည်းမှာဘဲ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီကို ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က မြန်မာဘက်က အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး သဘောတူဖို့ တနလာၤနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

“ အထူးကိုယ်စားလှယ် ခန့်အပ်ရေး ဆိုတဲ့ အာဆီယံရဲ့ အဆိုပြုချက်ကို မြန်မာဘက်က အချိန်မဆွဲဘဲ သဘောတူမယ်လို့ အင်ဒိုနီးရှားက မျှော်လင့်ပါတယ်။ အထူးကိုယ်စားလှယ် အနေနဲ့ ASEAN ရဲ့ လွှဲအပ်ချက်နဲ့ လုပ်ငန်းတွေ ချက်ချင်း စတင် ဆောင်ရွက်နိုင်ရပါမယ်။ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ တခြား တာဝန်တွေကို ဆောင်ရွက်နေတာနဲ့ တပြိုင်တည်းမှာဘဲ သက်ဆိုင်သူတွေ နောက် လှုပ်ရှားမှုတွေနဲ့ ဆွေးနွေးပွဲ လုပ်နိုင်ရေး အာမခံချက် အသေအချာ ရှိရပါမယ်။ ”

မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် အာဆီယံ အဖွဲ့ကြီး ဘက်က ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာ ရက်ပေါင်း ၁၀၀ ရှိလာပေမယ့်လည်း အခုအချိန်ထိ တိုးတက် ဖြစ်ထွန်းမှု မရှိသေးဘူးလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
တနလာၤနေ့မှာဘဲ အရှေ့တောင် အာရှ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲကနေ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဘရူးနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ရခဲ့ပေမယ့် မြန်မာဘက်က အကြောင်းမပြန်တာကြောင့် ဆွေးနွေးပွဲ အပြီး ပူးတွဲ ကြေညာချက် မထုတ်နိုင် ဖြစ်ခဲ့တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ASEAN က မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး အတွက် အထူးကိုယ်စားလှယ် တဦးကို လျာထားပြီး ဖြစ်ပေမယ့် မြန်မာ စစ်ကောင်စီဘက်က အတည်ပြုချက် ရမှ ထုတ်ဖော် ကြေညာရမှာ ဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ထိပ်တန်း သံတမန် ၂ ဦးရဲ့ အင်္ဂါနေ့မှာ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ လူသိရှင်ကြား ပြောဆိုခွင့် မရှိတာကြောင့် အမည် မဖော်လိုတဲ့ သံတမန် ၂ ဦးက AP သတင်းအေဂျင်စီကို ပြောဆိုခဲ့တာပါ။

မြန်မာ စစ်ကောင်စီဘက်က အတည်မပြုဘဲနဲ့ အာဆီယံဘက်က အထူးကိုယ်စားလှယ် ရွေးချယ်လို့ မရဖြစ်နေပြီး မြန်မာဘက်က ဘာကြောင့် အကြောင်းမပြန်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေ အမြန်ဆုံး စတင်နိုင်ရေး အတွက် မြန်မာဘက်ကို အာဆီယံ ဝန်ကြီးတွေက ဖိအားပေး တိုက်တွန်းနေကြောင်းလည်း သံတမန် တဦးက ပြောပါတယ်။
မြန်မာ စစ်ကောင်စီ ဘက်ကတော့ မြန်မာဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ဖြစ်တဲ့ Virasakdi Futrakul ကို အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် လိုလားကြောင်း ကမ်းလှမ်းခဲ့တယ်လို့လည်း သံတမန် တဦးက ပြောပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေး ဆောင်ရွက်နေကြောင်း ပြောပါတယ်။

“ အာဆီယံရဲ့ အထူးကိုယ်စားလှယ် အဖြစ် ထားရှိဖို့ မူလ အဆိုပြုထားသူ ၃ ဦး အနက် ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ Virasakdi Futrakul ကို သဘောတူထားပြီး ဖြစ်ပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှု အသစ်တွေ ထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပါ။ ကျနော့် အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့ဆုံ ဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံ မူဘောင် အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောလိုပါတယ်။”

တကယ်လို့ မြန်မာဘက်က အဆိုပြုတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ရခဲ့ပြီ ဆိုရင်လည်း မြန်မာ စစ်ခေါင်းဆောင်တွေ ဘက်က အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးပါ့မလားဆိုတာကလည်း မသေမချာ ဖြစ်နေကြောင်း သံတမန်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG