သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု" ဆိုတဲ့ အပေါ် အမြင်တချျို့


မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လုံခြုံရေးကင်းလှည့်နေစဉ်
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လုံခြုံရေးကင်းလှည့်နေစဉ်

အခုလို မနေ့ ကြာသာပတေးနေ့က အမေရိကန်အောက်လွှတ်တော်မှာကျင်းပတဲ့ ရိုဟင်ဂျာအရေး ကြားနားပွဲမှာ Ethnic Cleansing ဆိုတဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု အသုံးအနှုန်း ပြောဆို ဆွေးနွေးခဲ့ကြတဲ့အပေါ်မှာ မြန်မာ့အရေးကျွမ်းကျင်သူတချို့ကတော့ တကယ်ဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။အကြောင်းစုံကို မအင်ကြင်းနိုင်တင်ပြပေးမှာပါ။

Ethnic cleansing ဆိုတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ တဖက် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်ထွက်ပြေးရတဲ့အခြေအနေ ဟာ ကိုက်ညီမှုမရှိဘူးလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“Ethnic cleansing သို့မဟုတ် လူမျိုးပြုန်းတီးရေးဆိုတာ လူမျိုးစုတခုကိုပဲဖြစ်ဖြစ် တခုမကကိုပဲဖြစ်ဖြစ် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ သေကျေ ပျက်သုဉ်းအောင်လုပ်တယ် သတ်ပစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကသာလျှင် လူမျိုးရေးပြုန်းတီးမှုပိုထိုက်ပါတယ်။ အခုကိစ္စကတော့ အဲလိုဖြစ်တယ်လို့ ကျနော်မယုံကြည်ပါဘူး။ လုံခြုံရေးအရ ရှင်းလင်းရတာ စိုးရိမ်လို့ ထွက်ပြေးကြတဲ့ ကိန်းဂဏန်းတွေက များပါတယ်။”

မြန်မာအစိုးရဘက်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုအဖြစ် စွပ်စွဲသတ်မှတ်ပြောဆိုချက်တွေအပေါ်မှာ မဟုတ်မှန်ကြောင်း ပြင်းပြင်းထန်ထန် ပြန်လည်ငြင်းဆိုထားတာပါ။

ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အခြေအနေတွေ ရှင်းရှင်းလင်းလင်းသိဖို့ လွတ်လပ်တဲ့နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုး ကို သွားခွင့်ပြုသင့်ကြောင်း အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ကတော့ သူတို့ကတော့ ပြောတယ်လေ သူတို့အနေနဲ့က လူမျိုးတုံးသတ်ဖြတ်မှုမလုပ်ဘူး နောက်ပြီးတော့ မောင်းထုတ်တာလည်းမဟုတ်ဘူး။ သူတို့ဟာ သူတို့ ထွက်ပြေးတာ ဆိုတော့ ဘာလို့ထွက်ပြေးသလဲဆိုတာကို ပြန်ကြည့်ရင်တော့ သေမှာကြောက်လို့ပြေးတာပဲ၊ သေမှာကြောက်တယ်ဆိုတော့ ဘယ်သူက သတ်လို့သေသလဲဆိုတာ အဲဒီမှာ ပြန်ကြည့်ရမယ်။ ဆိုတော့ သတ်တဲ့လူက ဘယ်သူလဲ ဒါကြောင့် သေမှာကြောက်လို့ထွက်ပြေးသွားတာ။ ဘယ်သူက တရားခံလဲဆိုတာကို စုံစမ်းဖို့ အရေးကြီးတယ်။ အခုအိမ်တွေ မီးရို့သွားတယ် ၊ လူတွေလည်းမရှိတော့ဘူးဆိုတာ သူတို့အနေနဲ့က သံတမန်တွေလည်း တွေ့ခဲ့ပြီးပြီ။ ဆိုတော့အကောင်းဆုံးကတော့ တကယ့် Investigation team တကယ် စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်ဖို့ ဝင်ခွင့်ပေးရမယ်။ United Nations ကပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် တကယ်လွတ်လပ်တဲ့ အဖွဲ့အစည်းတခု ကို ခွင့်ပေးဖို့လိုတယ်လို့ ကျနော်ကတော့မြင်တယ်။”

ကြားနာပွဲကို ဦးဆောင်ပြုလုပ်တဲ့ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် Ed Royce ကတော့ လပိုင်းအတွင်း လူဦးရေ သန်းတဝက်နီးပါး နေရပ်စွန့်ခွာထွက်ပြေးရတဲ့အခြေအနေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအဖြစ် အတိအကျသတ်မှတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကတော့ Ethnic Cleaning ဆိုတဲ့အသုံးအနှုန်းကို မသုံးပဲ လူသားချင်းစာနာမှုဆိုင်ရာ ကြေကွဲဖွယ် ဖြစ်ရပ်လို့ ပဲ ထွက်ဆိုသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျော့ချ်တောင်းတက္ကသိုလ် ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က သူရဲ့ အမြင်ကို အခုလိုပြောပါတယ်။

“သေချာတာကတော့ မြန်မာနိုင်ငံမှာ သူတို့ကိုယ်သူတို့ခေါ်နေတဲ့ ရိုဟင်ဂျာတွေအပေါ် မနှစ်မြို့တဲ့ အစွဲအလမ်းနဲ့ အပြင်းအထန်ပြောနေကြတာ၊ သူတို့ကို တိုင်းပြည်ကနေ ထွက်သွားစေချင်ကြတာ စတာတွေကို ပြောဆိုနေကြတာပါ။ သူတို့ရဲ့ မူရင်းဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားဖို့ အမြဲပြောနေကြပါတယ်။ ဒါမျိုးကို မြန်မာနိုင်ငံကလူတွေက ထပ်ခါတလဲလဲပြောနေကြတာပါ။ ဒါကြောင့် အခုကိစ္စမှာ ethnic cleansing ဆိုတဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု အသုံးအနှုန်းကို သိပ်မှားလွန်တယ်လို့ မပြောနိုင်ပါဘူး။ သိပ်နီးစပ်တယ်လို့ ကျနော်ထင်ပါတယ်။ လူတိုင်းက သူတို့ကိုထွက်သွားစေချင်ကြ သလို လူတွေအများကြီးလည်းထွက်သွားကြပါတယ်။ ဒုက္ခသည် သန်းတဝက်ရှိသွားပြီဆိုတော့ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာလူဦးရေ တဝက်လောက်လို့ ပြောလို့ရနိုင်ပါတယ်။ ကျနော်အပါအဝင် Patrick Murphy ရော လူတိုင်းလိုချင်တာကတော့ လူသားချင်းစာနာမှုနဲ့ နေရာချထားဖို့၊ အခုလိုအခြေအနေဆိုးမျိုးမကြုံရပဲနဲ့ ဒါကို ပြန်လည်နေရာချထားဖို့ကို လိုလားပါတယ်။ ဒါကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဓိကပြဿနာပါ။”

အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ရခိုင်မြောက်ပိုင်း သံတမန်ခရီးစဉ်ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေအပေါ် ကျွမ်းကျင်ပညာရှင်တွေ စုံစမ်းနိုင်ရေး ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပြုဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ရင်း စိတ်ချလုံခြုံစွာနဲ့ ပြန်လာနိုင်ရေး စီစဉ်ပေးဖို့ စတဲ့အချက်တွေကို မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG