သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

EU မှခွဲထွက်ရေး အချိန်ပိုတောင်းဖို့ ဗြိတိန်လွှတ်တော် မဲခွဲမည်


ဗြိတိန်လွှတ်တော်

ဒီသီတင်းပတ်ထဲ ၃ ရက်ဆက်တိုက် မဲခွဲဆုံးဖြတ်နေတဲ့ ဗြိတိန်လွှတ်တော်မှာ ဒီနေ့မှာတော့ ဥရောပသမဂ္ဂ (EU) ကနေ ခွဲထွက်ရေးအတွက် အချိန်ပိုတောင်းသင့်-မသင့် လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲဦးမှာ ဖြစ်ပါတယ်။

ခွဲထွက်ရေးအတွက် EU နဲ့ ညှိနှိုင်းထားတဲ့ ၀န်ကြီးချုပ် Theresa May အစိုးရရဲ့ အစီအစဉ်ကိုတော့ အောက်လွှတ်တော်က အင်္ဂါနေ့မှာပဲ တခဲနက် ပယ်ချခဲ့သလို၊ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ မတ်လ ၂၉ ရက်နေ့မှာ EU နဲ့ သဘောတူညီချက်မရပဲ ခွဲထွက်မယ့် အစီအစဉ်ကိုလည်း မနေ့ကပဲ ပယ်ချခဲ့တာပါ။

သတ်မှတ်ရက် ထပ်တိုးပေးရေး အဆိုကို ဗြိတိန်လွှတ်တော်မှာ ဒီကနေ့ မဲခွဲအတည်ပြုခဲ့မယ် ဆိုရင်တောင် EU အဖွဲ့ဝင် နိုင်ငံတွေကလည်း အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ EU တာဝန်ရှိသူတွေကတော့ သတ်မှတ်ရက် ထပ်တိုးဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက် လိုအပ်ကြောင်း ပြောဆိုထားကြတာပါ။ သဘောတူညီချက်မရပဲ EU က ထွက်မယ့်အစီအစဉ်ကို ပယ်ချဖို့ ဆုံးဖြတ်ချိန်မှာ တခြားနည်းလမ်းကို စဉ်းစားထားဖို့ လိုတယ်လို့လည်း မနေ့တုန်းက ဗြိတိသျှလွှတ်တော်မှာ မဲခွဲပြီးနောက်ပိုင်းမှာပဲ ပြောဆိုထားကြပါတယ်။

ခွဲထွက်ဖို့ သတ်မှတ်ရက် ထပ်တိုးမယ် ဆိုရင်တောင် EU ဖက်ကတော့ ရွေးကောက်ပွဲတွေ မတိုင်မီ မေလနှောင်းပိုင်းအထိသာ တိုးပေးဖို့လည်း လိုလားနေတာပါ။ ဗြိတိန်နိုင်ငံဖက်က ခွဲထွက်ရေး မဟာဗျုဟာတရပ်ကို အသေအချာ ပြန်စဉ်းစားနိုင်မယ် ဆိုရင်တော့ အချိန်ကြာကြာ ခွင့်ပြုပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်ုးနိုင်မယ့် အခွင့်အလန်း ရှိတဲ့အကြောင်းလည်း EU ခေါင်းဆောင်တွေနဲ့ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဖို့ရှိနေတဲ့ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk က ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။

EU နဲ့ သဘောတူညီချက်မရပဲ ခွဲထွက်မယ့် အစီအစဉ်ကို မနေ့တုန်းက လွှတ်တော်မှာ ပယ်ချခံခဲ့ရတဲ့အတွက် ၀န်ကြီးချုပ် May အစိုးရအတွက် ထိုးနှက်ချက်တရပ် ဖြစ်ခဲ့ပေမဲ့လည်း ဥပဒေကြောင်းအရကတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဗြိတိန်နိုင်ငံအနေနဲ့ ခွဲထွက်မယ်ဆိုရင်လည်း ခွဲထွက်လို့ ရပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG