(Zawgyi / Unicode)
ဥရောပသမဂ္ဂ EU ကနေ ယူကေနိုင်ငံ ထွက်ပြီးနောက်ပိုင်း ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ကြမယ် ဆိုတဲ့အပေါ် နှစ်ဖက်သဘောတူညီချက် ရလိုက်တဲ့အတွက် ကျေနပ်နေကြပေမယ့်လည်း နောက်ထပ်ကိစ္စရပ်တခုအတွက်တော့ ဥရောပခေါင်းဆောင်တွေ ခေါင်းခဲနေကြပါတယ်။
အဲဒါကတော့ ပြီးပြည့်စုံတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တရုတ်နဲ့ သဘောတူညီချက်ရဖို့ ကိစ္စပါ။ EU နဲ့ တရုတ်ကြား စေ့စပ်ညှိနှိုင်းနေကြတာကို အမေရိကန်ကရော တခြားနိုင်ငံတွေကပါ သေချာ စောင့်ကြည့်နေကြပါတယ်။
ဒီလိုသဘောတူညီချက်မျိုး ရဖို့အတွက် နှစ်ဖက်ဆွေးနွေးနေကြတာ ၇ နှစ်ထဲ ဝင်လာပါပြီ။ လက်ရှိမှာ ဂျာမနီက ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံပါ EU နဲ့ တရုတ်ကြား စေ့စပ်ညှိနှိုင်းနေတာ နောက်ဆုံးအဆင့်ရောက်နေပြီး ၂၀၂၀ နှစ်ကုန်မှာ သဘောတူညီချက် ထွက်လာတော့မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့သီတင်းပတ်က ထွက်လာခဲ့ပါတယ်။
အဲဒီသတင်းတွေအပေါ် အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Jake Sullivan က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
"တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ လုပ်ပုံကိုင်ပုံတွေအပေါ် နှစ်ဖက်ကြား တူညီတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ဥရောပလက်တွဲဘက်တွေနဲ့ စောစီးစွာ တိုင်ပင်ဆွေးနွေးရေး Biden-Harris အစိုးရအနေနဲ့ ကြိုဆိုပါတယ်" လို့ ‘ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် နှစ်ကုန်မှာရဖို့ တရုတ်နဲ့ EU တို့ ရည်ရွယ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရိုက်တာသတင်းကို ကိုးကားပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ Mr. Sullivan က တွစ်တာမှာ ရေးခဲ့ပါတယ်။
-------------------------
(Unicode)