သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အထည်ချုပ်အလုပ်သမားတွေ ပြန်လွှတ်ပေးဖို့ EU တောင်းဆို


အထည်ချုပ်စက်ရုံမြင်ကွင်း (ယခင်ပုံဟောင်း)
အထည်ချုပ်စက်ရုံမြင်ကွင်း (ယခင်ပုံဟောင်း)

အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အထည်ချုပ်စက်ရုံတခုက အလုပ်သမားတချို့ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဆူပူမှုကို ဖန်တီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့နယ် စစ်ကောင်စီအရာရှိတချို့က အခု ဇွန်လ ၁၄ရက်မှာ ဖမ်းဆီးလိုက်တာပါ။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng (ဟိုစမ်း) အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ကို ဆူပူ လှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့နယ်စစ်ကောင်စီ အဖွဲ့တွေက စက်ရုံမှာ လာရောက် ဖမ်းဆီးသွားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကတော့ ဖမ်းဆီးခံရသူတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုးရိမ်ပူပန်ကြောင်း ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထာပါတယ်။ သူတို့ကို ရေကြည်အိုင် စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ နောက်ဆုံး ကြားသိရကြောင်း Safe Migration အဖွဲ့ရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

Hosheng စက်ရုံနဲ့ အလုပ်သမား ခေါင်းဆောင်တချို့ဟာ လုပ်ငန်းခွင်က မပြေလည်မှုတွေကို ဇွန်လ ၁၄ရက်မှာ ညှိနှိုင်းခဲ့ကြပါတယ်။ အဲဒီ ညှိနှိုင်းမှုအပြီး ညနေပိုင်းမှာ အလုပ်သမားခေါင်းဆောင် တယောက်ကို စစ်ကောင်စီတာဝန်ရှိသူတွေက စက်ရုံမှာ ဖမ်းဆီးသွားခဲ့တာပါ။

"ခေါင်းဆောင်ထဲက တယောက်ကို အရင်ဆုံးခေါ်သွားတာ၊ အဲဒီညှိနှိုင်းမှုအပြီးမှာ သူတို့ကားနဲ့ ခေါ်သွားတာ။ ကျန်တဲ့သူတွေကြတော့ နောက်ရက်မှ စုံစမ်းစရာရှိလို့ဆိုပြီး အိမ်ကိုလာရှာပြီး ခေါ်သွားတာ။ အဲဒီမှာ ညီမတို့ရုံး(စက်ရုံ)နဲ့ စကားပြောပြီးတော့မှ ခဏလေးလိုက်ခဲ့ပါ မေးစရာလေးရှိလို့ ဆိုပြီးတော့ ရဲစခန်းကို ခေါ်တာပေါ့နော် ပထမကတော့။ လိုက်စုံစမ်းတဲ့အခါမှာလည်း ရွှေပြည်သာ တမြို့နယ်လုံး စုံစမ်းတယ်၊ ရှိတဲ့ရဲစခန်းတွေ အကုန်စုံစမ်းတယ်၊ ဒါပေမဲ့ ဘာသတင်းအစအနမှလည်း မရဘူး၊ ဘာမှလည်း မဆက်သွယ်လာဘူး။ နောက်ကြမှ စစ်ကြောရေးကို ရောက်သွားတယ်ဆိုပြီး သတင်းရတာပေါ့နော်။"

အလုပ်သမားခေါင်းဆောင် ၇ယောက်ကို ဖမ်းဆီးဖို့ လုပ်ထားပေမဲ့ တယောက်ကတော့ လွတ်မြောက်သွားခဲ့တယ်လို့ Safe Migration ရဲ့ တာဝန်ခံက ပြောပါတယ်။ အဲဒီဖမ်းဆီးမှု မတိုင်ခင်က Hosheng စက်ရုံဟာ အလုပ်သမားခေါင်းဆောင် ၇ယောက်ကို အလုပ်ထုတ်လိုက်ကြောင်း ကြေညာထားပါတယ်။ စက်ရုံကို ခြိမ်းခြောက် ပြောဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်က ထုတ်ပစ်ခဲ့တာပါ။ ဒါကို မကျေနပ်တဲ့ အလုပ်သမား ၆၀၀ ကျော်က ဇွန်လ၁၃ရက်က စက်ရုံဝင်းထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်ရောက်လာတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ အပြန်အလှန်ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လ ၁၄ရက်မှာ အလုပ်သမား ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ Safe Migration အဖွဲ့က အခုလိုဆက်ပြောပါတယ်။

"သူတို့ စစ်ဘက်ဆိုင်ရာလူတွေနဲ့ ဒီစက်ရုံဝင်းထဲမှာ အလုပ်သမားတွေနဲ့ အဲဒီလူတွေ စကားပြောနေတဲ့ ဗွီဒီယိုအသံဖိုင် တက်သွားတာ။ ပြောနေတာ ဗိုလ်မှူးဖြစ်တယ်၊ ရွှေပြည်သာရဲ့အပိုင် ဗိုလ်မှူးဖြစ်တယ်။ ဗိုလ်မှူးရဲ့အသံဖိုင် တက်သွားလို့ဆိုပြီး အဲဒီကနေစပြီး၊ ဗွီဒီယိုအသံဖိုင်ကို ဘယ်သူပို့တာလဲကစပြီး၊ ခေါင်းဆောင်က မီဒီယာပေါ် တင်လိုက်တာပါဆိုတဲ့ အထင်ကစပြီး အဲလိုဖြစ်သွားတာ။ သူ့ကိုဖမ်းပြီး စစ်ဆေးမှုတွေ စလုပ်တော့တာပဲ။"

Hosheng Myanmar စက်ရုံအနေနဲ့လည်း ကောင်းမွန်တဲ့လုပ်ငန်းခွင် ရရှိဖို့ အလုပ်သမားတွေကိုယ်စား ညှိနှိုင်းပေးနေသူတွေကို အလုပ်ပြန်ခန့်ဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက အကြံပြုထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Hosheng စက်ရုံဟာ စပိန်ကုမ္ပဏီ INDITEX ရဲ့ Zara တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ လုပ်သား ၁,၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲမှာ အဲဒီအထည်ချုပ်လုပ်ငန်းဟာ စက်ရုံပစ္စည်းတချို့ကို စတင်ရွှေ့ပြောင်းနေပြီး ဘာကြောင့် ရွှေ့နေလဲဆိုတာကို အလုပ်သမားတွေကို ဖွင့်မပြောပါဘူး။ ဥရောပသမဂ္ဂသံရုံးကတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ကြေညာစာတမ်းနဲ့အညီ လုပ်ဆောင်ဖို့ စက်ရုံကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG