သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကုန်သွယ်ကဏ္ဍ တိုးတက်ရေး ယူရို ၈ သန်း EU ကူညီမည်


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။

မြန်မာ့ကုန်သွယ်ရေးကဏ္ဍ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ဥရောပသမဂ္ဂ EU က ယူရို ၈ သန်း ငွေကြေးထောက်ပံ့မယ့် ARISE Plus Myanmar အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါက အာဆီယံအပါအဝင် နိုင်ငံတကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွေနဲ့ လက်တွဲနိုင်ဖို့နဲ့ အလုပ်အကိုင်ဖန်တီးနိုင်ဖို့ EU က ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေပေးပို့ထားပါတယ်။

ဥရောပသမဂ္ဂ EU က မြန်မာအစိုးရရဲ့ကုန်သွယ်ရေးကဏ္ဍအတွက် ၄ နှစ်စာ ယူရို ၈ သန်းထောက်ပံ့မယ့်အစီအစဉ်အတွက် နှစ်ဘက် ငွေကြေးပိုင်းစာချုပ်ချုပ်ဆိုထားပြီး နိုင်ငံတကာကုန်သွယ်ရေးဌာနက စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ပူးပေါင်း အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

အာဆီယံ၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးတိုးတက်လာဖို့ ပြည်တွင်းက အသေးစားနဲ့ အလတ်စား လုပ်ငန်း SME တွေကို အဓိကပံ့ပိုးပေးရေး EUက ရည်ရွယ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။

“ဥရောပသမဂ္ဂနဲ့ကမ္ဘာ့ဈေးကွက်တို့က ပေးထားတဲ့ စီးပွားရေးအခွင့်အရေးတွေကို အသုံးချနိုင်ရေးအတွက်ကို ဒီပုဂ္ဂလိက ကဏ္ဍ အထူးသဖြင့် ဒီ SME တွေပေါ့ ဒါတွေရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတောင့်တင်းစေဖို့ပေါ့။ financing agreement ကတော့လက်မှတ်ထိုးပြီးသွားပြီ။ လက်မှတ်ထိုးပြီးသွားပြီဆိုတော့ အခုကစတင်ဆောင်ရွက်နေပြီပေါ့။ ကာလအားဖြင့်ကတော့ စတင်မယ့်နှစ်ကစပြီး ၄၈ လပေါ့ လေးနှစ်ပေါ့။”

လက်ရှိအနေအထားမှာ SME လုပ်ငန်းရှင်တွေအတွက် ချေးငွေရရှိဖို့က အဓိကလိုအပ်ချက်ဖြစ်နေပါတယ်။ ဒါပေမဲ့ ရေရှည်ရပ်တည်နိုင်ဖို့ အတွက်ဆိုရင်တော့ လုပ်ငန်းသေးတွေဟာ စဉ်ဆက်မပြတ်လေ့လာမှုတွေလုပ်ဖို့လိုကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်ထွန်းကပြောပါတယ်။

“ အိမ်နီးချင်းထိုင်းနိုင်ငံမှာ value added (တန်ဖိုးမြှင့်ကုန်စည်) တွေလုပ်နေကြတယ် ကျမတို့နိုင်ငံမှာ value added လုပ်ဖို့အတွက်ကို idea လည်းလိုတယ် technology လည်းလိုတယ် safety ပိုင်းကအစ အများကြီးလိုအပ်နေပါတယ်။ ဆန်းသစ်တီထွင်မှုဆိုတာ မရှိသလိုဖြစ်ပြီး မိရိုးဖလာဖြစ်နေတယ် ဥပမာ ကော်ဖီဆိုပါစို့ ဘယ်ဒီဂရီမှာထားလိုက်ရင် အရသာက ဘယ်လိုဖြစ်မလဲ အခါးလျော့မလား အချဉ်ဓာတ်ပေါက် လာမလား စသည်ဖြင့်ပေါ့။ ဒါတွေကို လိုအပ်တယ်ဆိုတာကို ကျမတို့ကများများလေး awareness (အသိပညာ) ပေးရမယ်ပေါ့။”

အစိုးရဘက်ကလည်း အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကို လုပ်ငန်းကျွမ်းကျင်မှုအပိုင်း လေ့ကျင့်သင်ကြားပေးသင့်တယ်လို့ ဒေါက်တာအိရွှေစင်ထွန်းက ပြောပါတယ်။

မြန်မာ့ကုန်သွယ်ရေးအတွက် ဥရောပသမဂ္ဂက ဆက်ကူညီသွားမှာဖြစ်သလို ပို့ကုန်အလေးပေး ထုတ်လုပ်ရေး ကဏ္ဍနဲ့ အလုပ်အကိုင်ဖန်တီးရေးအတွက်ပါ ဒီငွေကြေးထောက်ပံ့မှုက ရည်ရွယ်ထားတာလို့ဆိုပါတယ်။ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေး ဌာန အကြီးအကဲတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ သြဂုတ် ၆ရက် နေပြည်တော်တွေ့ဆုံပွဲမှာ အခုလို ငွေကြေးပံ့ပိုးတဲ့အပိုင်းကို အသေးစိတ် ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာ့ကုန်သွယ်ကဏ္ဍ တိုးတက်ရေး ယူရို ၈ သန်း EU ကူညီမည်
please wait

No media source currently available

0:00 0:02:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG