သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ကား (EV) နဲ့ မြန်မာပြည်ရဲ့လိုအပ်ချက်


Nissan ကားကုမ္ပဏီအင်ဂျင်နီယားချုပ် Hidetoshi Kadota က မြန်မြန်ဆန်ဆန် လျှပ်စစ်ဓာတ်အားဖြည့်ပုံကို ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့က ဌာနချုပ်မှာ သရုပ်ပြနေစဥ်။ (AP Photo/Koji Sasahara)
Nissan ကားကုမ္ပဏီအင်ဂျင်နီယားချုပ် Hidetoshi Kadota က မြန်မြန်ဆန်ဆန် လျှပ်စစ်ဓာတ်အားဖြည့်ပုံကို ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့က ဌာနချုပ်မှာ သရုပ်ပြနေစဥ်။ (AP Photo/Koji Sasahara)

စက်သုံးဆီကားတွေနေရာမှာ လျှပ်စစ်ကား (EV) တွေကို အစားထိုးအသုံးပြုဖို့ မူဝါဒ အပြောင်းအလဲလုပ်လာတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါလာပါတယ်။ အောက်တိန်း (95) တလီတာကို ကျပ် ၃,၀၀၀ ဖြစ်နေတဲ့အတွက် နေ့တိုင်း ကားသုံးရတဲ့သူတွေအဖို့ လျှပ်စစ်ကားကို စိတ်ဝင်စားလာကြတာပါ။ ဒါပေမဲ့ လျှပ်စစ်မီးမှန်ဖို့အပါအဝင် အလုံးစုံ ယာဉ်အာမခံစနစ်တွေ၊ အားသွင်းဆိုင်တွေ စတဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေသေးတာကလည်း EV ကားတွေအတွက် အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ သုံးစွဲသူတွေ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုစည်သူက တင်ပြပေးထားပါတယ်။

လောင်စာဆီသုံး မော်တော်ကားတွေကို အများဆုံးအသုံးပြုနေတာကနေ လျှပ်စစ်ကား (Electronic Vehicle-EV) တွေကို ဦးစားပေး တင်သွင်းရမယ်ဆိုတဲ့ မူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်းကားစျေးကွက်ကို အတော်လေး ရိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။ လျှပ်စစ်ကားတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အမျိုးမျိုး သုံးသပ်မှုတွေရှိနေပေမဲ့လည်း အခု ၂၀၂၄ ထဲမှာ လျှပ်စစ်ကား EV တွေက ပြည်တွင်းမှာ စိတ်ဝင်စားမှု ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ထဲမှာ စက်သုံးဆီ ပြတ်လပ်ပြီး အများစု အခက်ခဲဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လျှပ်စစ်ကားတွေကို စိတ်ဝင်စားလာကြကြောင်း လျှပ်စစ်ကားရောင်းချတဲ့လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုသန့်ဇင်က ပြောပါတယ်။ ၂၀၂၃ ထဲမှာ ကျပ်သိန်း ၇၀၀ တန်းမှာရှိနေတဲ့ လျှပ်စစ်ကားတွေဟာ အခုဆိုရင် သိန်း ၁,၀၀၀ လောက်ဖြစ်လာကြောင်း ပြောပါတယ်။ လျှပ်စစ်ကားထဲမှာ အများစုက တရုတ်နိုင်ငံက ဖြစ်ပါတယ်။ TOYOTA တို့ HONDA တို့လို ဂျပန်တံဆိပ်တွေလည်း တရုတ်မှာပဲ တပ်ဆင် ထုတ်လုပ်ကြတာပါ။ ပြည်တွင်းမှာတော့ သိန်း ၁,၅၀၀ ကြားက လျှပ်စစ်ကားတွေကို စိတ်ဝင်စားမှု များပါတယ်။ အထူးသဖြင့် အာမခံချက်ရှိတဲ့ တံဆိပ်မျိုးကို စိတ်ဝင်စားမှုများကြောင်း ကိုသန့်ဇင်က ပြောပါတယ်။

"မြန်မာပြည်ကို ဝင်လာတာကတော့ Nissan LEAF ကတော့ စျေးအသက်သာဆုံးနဲ့ ဝင်လာတယ်။ ဒါပေမဲ့ အဲတုန်းက စိတ်ဝင်စားမှု သိပ်မရှိဘူး၊ စျေးပေါလို့သာ။ အခုဆိုရင် အာမခံချက်မရှိတဲ့အတွက် ရပ်ထားရတဲ့ကားတွေ အများကြီးပေါ့။ Nissan LEAF က၊ ဘာလို့ဆို ကိုယ့်ဖာသာပဲ ပြင်ရတာကိုး။ နောက်ပိုင်းမှာ ဝင်လာတာက Tesla ပေါ့။ Tesla လည်း ဒီလိုပဲ အာမခံချက်မရှိဘူး။ သွင်းလာတယ်၊ ကိုယ့်ဖာကိုယ် ပြင်ရင်ပြင်။ အခုနောက်ပိုင်းမှာတော့ EV တွေက ကုမ္ပဏီတွေက အာမခံတယ်။ ထားပါတော့၊ ရှစ်နှစ်တို့ဘာတို့ ပေးလာတယ်။ ဘက်ထရီတွေ၊ မော်တာတွေပေးလာတဲ့အတွက် ဒီမှာက အရောင်းအဝယ် ဖြစ်လာတာပေါ့။"

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ခွင့်ပြုပေးထားတဲ့ လျှပ်စစ်ကားနဲ့ ဆက်စပ်လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီပေါင်း ၈၃ ခု ရှိပါတယ်။ ဒါပေမဲ့ လျှပ်စစ်ကားတွေ အများအပြား ဝင်လာမယ်ဆိုရင်တော့ အပိုပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေက အနည်းအကျဉ်းပဲ ရှိသေးကြောင်း ကိုသန့်ဇင်က ပြောပါတယ်။

"တချို့ Error တွေတက်တဲ့အချိန်မှာ ပစ္စည်းသွားမေးတဲ့အခါကျရင် ဒါက ၂ လစောင့်ရမယ်၊ ၃ လ စောင့်ရမယ်၊ အဲအခက်အခဲလေးတွေ ရှိတယ်။ အဲဒါတော့ နည်းနည်းလေး ဒုက္ခရောက်တယ်။ အမှန်ဆိုရင် Spare parts တွေက သွင်းထားရမှာလေ။ အရင်တုန်းကဆို SKD နဲ့ထုတ်တဲ့ ဆူဇူကီးတို့ ဘာတို့ဆို တံခါးတွေ၊ မှန်တွေ၊ အင်ဂျင်တွေ၊ ဂီယာဘောက်တွေကအစ Showroom မှာ ထားပေးရတာပေါ့။ ဘယ်မြို့ဖြစ်ဖြစ် တောင်ကြီးပဲဖြစ်ဖြစ်။ သူ့ရဲ့အင်ဂျင်ဝိုင် Filter အကုန် Spare parts တွေ ထားပေးရတယ်။ EV မှာ အဲလိုမျိုးလေးတွေ မတွေ့ရဘူး။ ဒါကလည်း အဝင်နည်းလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်။"

လျှပ်စစ်ကားကိုရွေးချယ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကုန်ကျစရိတ် သက်သာလို့ဖြစ်ကြောင်း သုံးစွဲသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကီလို ၄,၀၀၀ အသုံးပြုထားတဲ့ ပမာဏကို တွက်ကြည့်မယ်ဆိုရင် အရင်ကထက် ပိုသက်သာကြောင်း အမည်မဖော်လိုသူ EV ကား ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အခု ကျနော်သုံးလာတဲ့ ကီလို ၄,၀၀၀ ကျော်လောက်ကို အရင် ပုံမှန်သုံးလာတဲ့ကားနဲ့ ပြန်တွက်ကြည့်ရင် လောလောဆယ် ၆ သိန်းလောက်ကို သက်သာအောင် လုပ်ပစ်လိုက်ပြီလို့ ပြောလို့ရတယ်။ အဲ ၆ သိန်းကို ဘာပြန်သုံးလိုက်လဲဆိုတော့ ကျနော့အိမ်မှာ အားသွင်းလို့ရအောင် ဆင်စရာရှိတာတွေ ဆင်လိုက်တယ်။ မီတာလျှောက်ရမဲ့ဟာတွေတို့၊ ဝါယာကြိုးအကောင်းတွေ သုံးရမဲ့ဟာတွေတို့ အဲ ၆သိန်းဖိုးလောက် ဆင်လိုက်တယ်။ မသုံးမချင်းကတော့ ဒီအရသာကို ပြောပြနေလည်း မသိဘူး။ ဒီထဲကိုဝင်လိုက်မှ ဒီအရသာကသိတာ။ သုံးရင်ကောင်းမလား ဘယ်လိုလဲ၊ ဒီဘက်ကိုရွှေ့ကြည့်လိုက်ပေါ့ ရွှေ့ကြည့်ရင် သိလာမယ်။ ကျနော်တို့နိုင်ငံမှာ လိုသေးတာတော့ အများကြီးရှိသေးတယ်။ ဒီမှာ 24-hour ရတဲ့ Station က ဒီတခုပဲ ရှိသေးတယ်၊ ဒီဟာကိုလည်း အချိန်ကို ကျနော်တို့က နည်းနည်းပိုတိုးစေချင်တယ်။ ဒါဆိုလည်း မနက် ၆ နာရီဖွင့်တယ် ညနေ ၅ နာရီ ၆ နာရီလောက် ပိတ်တယ်။ ဒါလေးကိုလည်း အချိန် ထပ်တိုးစေချင်တယ်။ တခြား Station တွေမှာလည်း မီးကိုလာစေချင်တယ်။ နောက်တခုက ဟိုတယ်တွေပေါ့။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ ဘယ်စတားရှိတဲ့ဟိုတယ်မှာမှ Fast charging မရှိဘူး။"

လျှပ်စစ်ကားတွေ မီးလောင်လွယ်တယ်ဆိုတဲ့ သတင်းတွေရှိနေပေမဲ့ ဒါက ယာဉ်အစိတ်အပိုင်းတွေကို လိုသလို ပြုပြင်ပြောင်းလဲလို့ ဖြစ်လာတဲ့ မတော်တဆမှုလို့ သုံးစွဲသူတွေက ပြောပါတယ်။ အာမခံလုပ်ငန်းတွေက ရာနှုန်းပြည့် အာမခံပေးမယ်ဆိုရင်တော့ လျှပ်စစ်ကားတွေကို ဒီထက်ပိုပြီး စိတ်ဝင်စားလာနိုင်ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။ အခုဆိုရင် ပြည်တွင်းမှာ လိုင်စင်ရထားတဲ့ လျှပ်စစ်ကားဟာ တနှစ်အတွင်းမှာ အစီးရေ ၂,၆၀၀ ကျော်ရှိသွားပြီလို့ ဌာနဆိုင်ရာ ထုတ်ပြန်ချက်တချို့မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG