သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေးဆောင်ဖို့ Facebook သဘောတူ


Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုင်တွယ်တာမှာ အမှားအယွင်းတွေ ရှိတာကြောင့် Facebook ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေး ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထေင်စု ကုန်သွယ်ရေး ကော်မရှင်ရဲ့ ကြေညာချက်အရ ဒါဟာ နည်းပညာ ကုမ္ပဏီ တခုကို ကိုယ်ရေး အချက်အလက် သုံးစွဲမှုနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဒဏ်ကြေး ပမာဏ အများဆုံး ဖြစ်ပါတယ်။

ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်နဲ့ ကုမ္ပဏီ အကြား ဒီ သဘောတူညီချက်အရ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အကာအကွယ်ပေဖို့ ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်တွေကို CEO Mark Zuckerberg က နှစ်စဉ် လေးလတစ်ကြိမ် သက်သေပြ ရမှာဖြစ်ပါတယ်။

အလားတူပဲ Facebook ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်ဆိုင်ရာ ကော်မတီ တစ်ရပ်ကို လည်း ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook အနေနဲ့ အသစ် ထုတ်လုပ်တဲ့ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတဲ့ ဝန်ဆောင်မှု ကုန်ပစ္စည်းအသစ်တွေ အပေါ်မှာလည်း အသုံးမပြုခင် သုံးသပ် စစ်ဆေးချက်တွေ လုပ်ရမှာ ဖြစ်ပါတယ်။

အရေအတွက် ဘီလျံချီရှိတဲ့ ကမ္ဘာ့ တစ်ဝှမ်းက Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာကွယ် ကန့်သတ်ထားမယ်လို့ ကတိတွေ အခါခါ ပေးခဲ့ပေမဲ့ သုံးစွဲသူတွေအတွက် ရွေးစရာ လမ်းတွေကို Facebook က လျှော့ချ လျော့နည်း စေခဲ့ကြောင်း၊ အခု ချမှတ်ခဲ့တဲ့ ဒဏ်ကြေး ပမာဏဟာ အရင်က မရှိခဲ့ဖူးကြောင်း ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင် ဥက္ကဌ Joe Simon ပြောပါတယ်။

Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခွင့်ပြုချက် မရဘဲ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တစ်ခု ဖြစ်တဲ့ Cambridge Analytica အဖွဲ့က ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကတည်းက ပြည်ထောင်စု ကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေးဆောင်ဖို့ Facebook သဘောတူ
please wait

No media source currently available

0:00 0:02:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG