သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စာမျက်နှာတွေပိတ်ဖို့ Facebook ကို တိုက်တွန်း


မြန်မာစစ်တပ်ဟာ Facebook လူမှုကွန်ယက်ကို အသုံးပြုပြီး အမုန်းတရားပြန့်ပွားစေတဲ့ ဝါဒဖြန့်ချိမှုအပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အဲဒီ အကောင့်တွေနဲ့ တခြား စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အကောင့်တွေကို ပိတ်ပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဆိုရှယ်မီဒီယာ လေ့လာသုံးသပ်သူတွေကတော့ အဲဒီလို အကောင့်တွေ ပိတ်ပေးဖို့ တိုင်ကြားမယ်ဆိုရင် Facebook က ပြန်ဌာန်းထားတဲ့ လူမှုကွန်ယက်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ အထောက်အထားတွေ ပြနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သူတို့ပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ကြောင်း အထောက်အထားနဲ့ တွေ့ရှိထားတဲ့ အကောင့် ၄၀၀ ကျော်ကို Facebook လူမှုကွန်ယက်က ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့က စုံစမ်း သိရှိထားတဲ့ စစ်တပ်၊ ဒါမှမဟုတ် စစ်တပ်နဲ့ ထိစပ်နေတဲ့ Facebook အကောင့် ၂၅ ခုကို တွေ့ခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

“မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ Facebook အကောင့် ၂၅ ရှိနေတယ်ဆိုတာကို ကျနော်တို့ Burma Campaign UK အဖွဲ့က စုံစမ်း သိရှိခဲ့ရပါတယ်။ အပိတ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား အကောင့်တွေနည်းတူ စစ်တပ်က ဝါဒဖြန့်ချိဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့တို့အတွက် ဒီအကောင့်တွေကို အသုံးပြုကြပါတယ်။”

တချို့အကောင့်တွေကို နောက်ကွယ်က ဘယ်သူက ထိန်းချုပ်ထားတယ်ဆိုတာ မသိနိုင်ပေမယ့် အားလုံးက ပုံစံတူ သတင်းတွေကို ထပ်ဆင့် ဖြန့်ချိနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

“မြန်မာ့တပ်မတော် လေတပ်က ဖွင့်ထားတဲ့အကောင့်မျိုးမှာတော့ အရာရှိတွေရဲ့ပုံတွေနဲ့ တရားဝင် တင်ထားတာကို တွေ့ရပေမယ့်၊ တချို့အကောင့်တွေကတော့ နောက်ကွယ်က ဘယ်သူ ထိန်းချုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ အဲဒီအကောင့်တွေမှာ စစ်တပ်အရာရှိတွေက တရားဝင်ထုတ်ပြန်ထားတဲပုံတွေ၊ စစ်တပ်သတင်းစာတွေမှာ တရားဝင်ထုတ်ပြန်တဲ့ဟာတွေကို ထပ်ဆင့် ဖြန့်ဝေတာတွေ တွေ့ရပါတယ်။”

ဒီအကောင့်တွေ ရှိနေတာကို တွေ့ရခြင်းအားဖြင့် စစ်တပ်အနေနဲ့ Facebook လူမှုကွန်ယက်ကို တရားဝင် အသုံးပြုပြီး အရင် အပိတ်ခံလိုက်ရတဲ့ အကောင့်တွေမှာ လုပ်ခဲ့တဲ့ပုံစံအတိုင်း သူတို့ရဲ့ ဝါဒဖြန့်ချိမှု၊ လူမျိုးရေး၊ ဘာသာရေးမှုန်းတီးမှုတွေ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ဆက်လုပ်လို့ ရနေသေးတယ်ဆိုတာကို ပြသနေသလို၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းတွေကို လုပ်နေလို့ရတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အချက်အလက် စုဆောင်းရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်အတွေအရ စစ်တပ်၊ ဒါမှမဟုတ် စစ်တပ်နဲ့ ထိစပ်နေတဲ့ စီးပွားလုပ်ငန်းတွေနဲ့ ဘယ်လိုလုပ်ငန်းမျိုးမှ မလုပ်သင့်ဘူးလို့ ဖော်ပြထားတာကြောင့် Facebook အနေနဲ့ ဒီအကောင့်တွေကိုလည်း အရင်အကောင့်တွေနည်းတူ ပိတ်ပစ်ဖို့ လိုလားကြောင်း Mark Farmaner က ပြောပါတယ်။

စစ်တပ်က ဖွင့်ထားတဲ့ Facebook အကောင့်တချို့ကို လက်ခံ၊ ကြိုက်နှစ်သက်ကြောင့် ထောက်ခံပေးထားသူ ၃ သိန်းလောက် ရှိနေတာကြောင့် ဒီအကောင့်တွေကို အသုံးပြုပြီး အဲဒီ လူတွေအကြား ထိရောက်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေ အချိန်မရွေးလုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ကြီးထွားစေမယ့် စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေကို ထိန်းချုပ်ဖို့ လိုအပ်သလို စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ရလာမယ့် ဝင်ငွေတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ လုပ်နိုင်မယ့် လက်နက်တွေလည်း မဝယ်စေလိုကြောင်း ပြောပါတယ်။

အခု Burma Campaign UK အဖွဲ့က ပြောနေတဲ့ Facebook အကောင့်တွေကို ပိတ်ပစ်ဖို့တိုင်ကြားမယ်ဆိုရင် Facebook က ထုတ်ပြန်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ပြနိုင်ဖို့ လိုတယ်လို့ ဆိုရှယ်မီဒီယာ လေ့လာသုံးသပ်သူ ကိုမြတ်သူက ပြောပါတယ်။

"အခုဟာတွေက စီးပွားရေး Page တွေလို့ပြောတယ်။ စီးပွားရေး page တွေဆိုရင် စောစောက facebook ရဲ့ ပေါ်လစီတွေနဲ့ ငြိဖို့အတွက်တော့ အနည်းငယ် ခက်တယ်လို့ ကျနော်မြင်တယ်။ facebook က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အကောင့်တွေကို ဖယ်ရှားရတဲ့အကြောင်းပြချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သူတို့နဲ့ ချိတ်ဆက်နေတဲ့ Page တွေက သတင်းအချက်အလက်အမှားတွေကို လံှု့ဆော်တယ် ဖြန့်ဝေတယ် ဆိုတဲ့အချက်အလက်တွေကို မူတည်ပြီး သူတို့ ပိတ်ဆို့တာမျိုးလုပ်တာ ဆိုလိုချင်တာက သူတို့ရဲ့ ချမှတ်ထားတဲ့ ပေါ်လစီကို ချိုးဖောက်တဲ့အတွက် သူတို့ပိတ်ဆို့တာ။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် စစ်တပ်က အကောင့်တွေ အပိတ်ခံခဲ့ရတယ်ဆိုတဲ့ နေရာမှာလည်း Facebook က ပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတဲ့အတွက် ဖြစ်တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ရတဲ့ဝင်ငွေတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေအတွက် အသုံးချမယ်ဆိုရင်တော့ အဲဒီ စီးပွားရေးလုပ်ငန်းအကောင့်တွေကိုလည်း ပိတ်ပေးဖို့ တိုင်ကြားနိုင်တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

"ဒီအဆိုပြုချက်ကတော့ အငြင်းပွားစရာမရှိဘူး။ ငြင်းဖို့လည်းခက်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တပ်မတော်ပိုင်း စီးပွားရေးလုပ်ငန်းဆိုတာက အကုန်လုံးက အများပြည်သူက ဘာမှ သိရှိပိုင်ခွင့်မရှိတဲ့ အရာတွေဖြစ်တယ်။ ဆိုလိုချင်တာက ဒီလုပ်ငန်းတွေ စခဲ့တုန်းက ကနဦးထူထောင်ခဲ့တဲ့ ပိုက်ဆံတွေအကုန်လုံးသည် အများပြည်သူရဲ့ အခွန်ဘဏ္ဍာတွေ၊ စောစောက သံယံဇာတ တူးဖော်လို့ရတဲ့ ပိုက်ဆံတွေ အဲလိုမျိုး အများပြည်သူနဲ့ဆိုင်တဲ့ ပိုက်ဆံတွေကလိုမျိုး သူတို့က ဒါကို ထူထောက်ခဲ့တာဖြစ်တယ် ဘယ်နေရာမှာ ဘယ်လိုသုံးမလဲ ဆိုတဲ့ သူတို့ရဲ့ သုံးစွဲငွေတွေ စာရင်ချုပ်အစီရင်ခံစာဟာမျိုးတွေ အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်းထုတ်ပြန်သင့်တယ်လို့ ကျနော်မြင်တယ်။ အဲလိုမထုတ်ပြန်သေးသရွေ့ ဒီလိုတောင်းဆိုချက်တွေ သူတို့ရင်ဆိုင်ရဦးမှာပေါ့။"

Facebook ရဲ့ တာဝန်ပေးချက်အရ သုတေသနလေ့လာခဲ့တဲ့ Business for Social Responsibility (BSR) အဖွဲ့ရဲ့ မနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ အားနည်းချက်တွေ ရှိနေတာကို ထောက်ပြခဲ့သလို ၂၀၂၀ ပြည့် ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ကာကွယ်နိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG