သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ် ဝါရင့်သတင်းသမားတွေ သတိပေး


"သတင်းတု၊ သတင်းမှား၊ ကောလာဟလတို့ရဲ့ အန္တရာယ်" စကားဝိုင်း။
"သတင်းတု၊ သတင်းမှား၊ ကောလာဟလတို့ရဲ့ အန္တရာယ်" စကားဝိုင်း။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိသမျှ သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ် ပိုပြီး ရင်ဆိုင်ရဖို့ရှိမယ်လို့ မြန်မာ့သတင်းလောကမှာ အတွေ့အကြုံ ရင့်ကျက်သူတွေက တနင်္ဂနွေနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

မေလ ၃၁ ရက် တနင်္ဂနွေနေ့ ည ၇ နာရီက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ "သတင်းတု၊ သတင်းမှား၊ ကောလာဟလတို့ရဲ့ အန္တရာယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းမှာ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း၊ ဘီဘီစီ မြန်မာဌာနမှူး (အငြိမ်းစား) ဒေါ်တင်ထားဆွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်တို့ သုံးဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်တာဟာ ဗွီအိုအေနဲ့ ပတ်သက်ခြင်းမရှိတဲ့ သူ့ရဲ့အမြင်သာ ဖြစ်တယ်ဆိုပြီး စတင်ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ သတင်းမှားတွေ ပျံ့နှံ့သက်ရောက်မှု အန္တရာယ် ကြီးမားရတဲ့ အဓိကအကြောင်းအရင်းကို သူက အခုလို သုံးသပ်တင်ပြခဲ့ပါတယ်။

“အဓိကအားဖြင့်တော့ ဒါတွေက ဘယ်မှာဖြစ်တတ်လဲဆိုတော့ သတင်းလွတ်လပ်ခွင့် မရှိတဲ့နေရာတွေ၊ ဒါမှမဟုတ်ရင်လည်း ပွင့်လင်းမြင်သာမှု မရှိတဲ့၊ ပွင့်လင်းမြင်သာမှုတွေ အားနည်းတဲ့ အစိုးရတရပ် ရှိနေတဲ့ နေရာမျိုးတွေမှာဆိုရင် သတင်းအမှားတွေက လူထုကြားမှာ အတော်လေး ပျံ့နှံ့တာ များပါတယ်။ အမှန်အတိုင်း တည့်တည့် သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီးတော့ ဖြေရှင်း ပြောကြားတာတွေ မလုပ်တာတွေ၊ ပြီးတော့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်မှု မရှိတာတွေက လူထုကြားထဲမှာ သတင်းအမှားတွေ ပျံ့နှံ့မှုရဲ့ အခြေခံပါ။”

မြန်မာနိုင်ငံမှာ အာဏာရအစိုးရဟာ ပြည်သူပိုင်ဘဏ္ဍာငွေတွေကို သုံးပြီး သတင်းစာတွေထုတ်တာ၊ ရုပ်သံနဲ့ အသံလွှင့်လုပ်ငန်းတွေကို အစိုးရကပဲ လက်ဝါးကြီးအုပ်ထားတာဟာ သတင်းသမားတွေကို ကိုယ့်အလုပ်ကိုယ် ပေးမလုပ်တဲ့သဘောပဲ ဖြစ်တယ်လို့လည်း ဦးသန်းလွင်ထွန်းက ပြောသွားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်စ မြန်မာနိုင်ငံမှာ သတင်းတု၊ သတင်းမှားတွေကြောင့် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကိုလည်း ဟံသာဝတီ ဦးအုန်းကြိုင်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဘီဘီစီ မြန်မာဌာနမှူး (အငြိမ်းစား) ဒေါ်တင်ထားဆွေကတော့ သတင်းတု၊ သတင်းမှားတွေရဲ့ အမျိုးအစားတွေနဲ့ ဗြိတိန်နိုင်ငံလို ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေတဲ့အချိန် ဒီ သတင်းအမှားတွေကြောင့် ဆိုးကျိုးသက်ရောက်ခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

စကားဝိုင်းကို ဦးဆောင်ခဲ့တဲ့ သူရဦးရွှေမန်းကတော့ သတင်းတု၊ သတင်းမှားတွေကြောင့် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအနေနဲ့ သောကပွား၊ ဒုက္ခများခဲ့ကြပြီး အမုန်းတရားတွေ ပွားများခဲ့တဲ့ ဖြစ်ရပ်တွေကို ကာကွယ်တားဆီးနိုင်ရေး ရည်ရွယ်ချက်နဲ့ အခုလိုမျိုး သတင်းမီဒီယာ အတွေ့အကြုံရှိသူတွေကို ဖိတ်ခေါ်ဆွေးနွေးတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)










XS
SM
MD
LG