သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ သတင်းလွတ်လပ်ခွင့် ထိန်းချုပ်ခံရဖွယ် ရှိနေသလား


အွန်လိုင်းပေါ်မှ လုပ်ကြံဖန်တီးသည့် သတင်းများ ဖြန့်ဝေမှု ထိန်းချုပ်ရေးစင်တာ၏ ဝက်ဘ်ဆိုက်စာမျက်နှာ။ (သြဂုတ် ၂၁၊ ၂၀၁၉)
အွန်လိုင်းပေါ်မှ လုပ်ကြံဖန်တီးသည့် သတင်းများ ဖြန့်ဝေမှု ထိန်းချုပ်ရေးစင်တာ၏ ဝက်ဘ်ဆိုက်စာမျက်နှာ။ (သြဂုတ် ၂၁၊ ၂၀၁၉)

ထိုင်းနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ ဖြန့်ဝေမှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက စင်တာသစ်တခု ဖွင့်လှစ်မယ့်အရေးဟာဆိုရင် ဝေဖန်သူတွေကို နှုတ်ဆိတ်သွားအောင် ပစ်မှတ်ထား ဆောင်ရွက်တဲ့နေရာမှာ တလွဲသုံးလာနိုင်တယ်လို့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အတိုက်အခံပါတီတွေက သတိပေးနေပါတယ်။ အစိုးရဘက်ကတော့ တည်ငြိမ် အေးချမ်းရေးကို ထိပါးစေနိုင်တဲ့ လုပ်ကြံသတင်းတွေ၊ အချက်အလက် အမှားတွေကို တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။ Zsombor Peter ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီး Buddhipongse Punnakanta က အွန်လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဆောင်ရွက်တဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်မယ်လို့ ကြေညာပြီး ဒီစင်တာသစ်ကို မကြာခင် စတင်တော့မယ့်အကြောင်း သြဂုတ်လအတွင်းက ကြေညာခဲ့တာပါ။ အွန်လိုင်းပေါ်က သတင်းအမှားတွေကို စိစစ်ဖို့၊ နောက် ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိခိုက်စေမယ့် မှားယွင်းဖော်ပြချက်တွေကို Facebook၊ မက်ဆေ့ချ်ပို့တဲ့ Apps နဲ့ သီးသန့် ဝက်ဘ်ဆိုက်တို့ကနေ တုံ့ပြန်ဆောင်ရွက်သွားမယ့် စင်တာကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ်လို့ နိုင်ငံပိုင် National News Bureau က ဖော်ပြပါတယ်။ ဒီစင်တာအနေနဲ့ သဘာ၀ ဘေးအန္တရာယ်၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာတို့ကို အဓိကထား ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံပါတီတွေနဲ့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေကတော့ စစ်တပ်လိုလားတဲ့ Palang Pracharath ပါတီက ခေါင်းဆောင်တဲ့ အစိုးရရဲ့ အခုလို စောင့်ကြည့်မယ့်လုပ်ရပ်က စိုးရိမ်စရာရှိတယ်လို့ ပြောဆိုကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ထိုင်းနိုင်ငံက အကြီးတန်းသုတေသီ Sunai Phasuk ကတော့ အခုလို ပြောပါတယ်။

“လုပ်ကြံဖန်တီးတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်မယ့် အစိုးရရဲ့ စင်တာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ချက်တွေကတော့ ဆင်ဆာတည်းဖြတ်မယ့် နည်းလမ်းတခု ဖြစ်လာမှာကိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုင်းအာဏပိုင်တွေရဲ့ လုပ်ကြံဖန်တီးတဲ့ သတင်းတွေ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာဆိုရင် ဝေဖန်သူတွေနဲ့ သဘောထားကွဲပြားသူတွေရဲ့ ပြောဆိုချက်တွေကိုပဲ အထူးအလေးထား ဆောင်ရွက်နေတာဖြစ်ပြီး စစ်တပ်၊ နောက် အာဏာရ Palang Pracharath ပါတီနဲ့ အဆက်အစပ်ရှိတယ်လို့ သိထားရတဲ့ ရင်းမြစ်တွေက အချက်အလက် အမှားတွေနဲ့ မုန်းတီးမှု အခြေခံ စည်းရုံးလှုပ်ရှားမှုတွေကိုတော့ အရေးယူမှု မရှိပါဘူး။”

ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီး Buddhipongse Punnakanta ရဲ့ ရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားမယ့်သူ မရှိဘူးလို့ VOA ကို ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက စစ်အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ မတ်လတုန်းက အပြစ်အနာအဆာမကင်းတဲ့ ရွေးကောက်ပွဲနဲ့ ၅ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး အရပ်သားအစိုးရအဖြစ်နဲ့ နိုင်ငံကို ဦးဆောင်နေတာပါ။ စစ်တပ်ကို ဝေဖန်မှုနဲ့ စစ်အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသူ ရာနဲ့ချီပြီး စစ်အစိုးရက ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။ မမှန်ကန်ဘူးလို့ အစိုးရဘက်က စွပ်စွဲခွင့်နဲ့ ဖမ်းဆီး တရားစွဲဆိုနိုင်တဲ့ အာဏာကို ဒီစင်တာက ပေါင်းစည်းပေးမယ့် အရေးကလည်း ဝေဖန်သူတွေရဲ့ ဘုံစိုးရိမ်ချက်တခု ဖြစ်ပါတယ်။

အင်တာနက် အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ဖော်ထုတ်နိုင်ရေး စည်းရုံးလှုပ်ရှားသူ Thai Netizen Network ရဲ့ ပူးတွဲတည်ထောင်သူ Arthit Suriyawongkuk ကလည်း သူစိတ်ပူနေတဲ့ အချက်ကို အခုလို ပြောပါတယ်။

“မှန်မှန်ကန်ကန် ကျင့်သုံးဆောင်ရွက်လိမ့်မယ်လို့တော့ မျှော်လင့်နေဆဲပါ။ ဒီကိစ္စကို အကောင်းမြင်ချင်ပါတယ်။ လုပ်ကြံဖန်တီးတဲ့ သတင်းတွေနဲ့ မမှန်မကန် အချက်အလက်တွေက တကယ်တော့ ထိခိုက်နစ်နာစေတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဒါပေမယ့် ဆန်းစစ်ဝေဖန်တဲ့ အတွေးအမြင်တွေကို လုပ်ကြံဖန်တီးတဲ့ သတင်းတွေဆိုပြီး အာဏာပိုင်တွေက မကြာခဏဆိုသလို လုပ်နေတယ်လို့လည်း Arthit က ပြောပါတယ်။

“အများစုကတော့ အစိုးရဆန့်ကျင်သူတွေ ဒါမှမဟုတ်လည်း သဘောထား ကွဲပြားသူတွေကို တကယ်တန်း ပစ်မှတ်ထား ဆောင်ရွက်ချက်တွေကို ကျနော်တို့ တွေ့ရပါတယ်။ တခါတလေမှာ သတင်းအချက်အလက်တွေက မှားသလား၊ မှန်သလား ဆိုတာတောင် ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အာဏာပိုင်တွေအနေနဲ့ ထုတ်ဖော် ပြောဆိုချက်တွေကို နှိပ်ကွပ်စရာ နည်းလမ်းတခုအနေနဲ့ အလွယ်သုံးနေတယ်လို့ ထင်ပါတယ်။”

အင်တာနက် အွန်လိုင်းပေါ်က ရေးသား ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်တာက ဒေသတွင်းမှာ ထိုင်းနိုင်ငံတခုတည်းတင်တော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဒေသဟာ လုပ်ကြံဖန်တီးရေးသား ဖော်ပြမှုဆိုင်ရာ ဥပဒေတွေကို ကမ္ဘာပေါ်မှာ လက်တွေ့ကျင့်သုံးရာ ဒေသတခု ဖြစ်လာနေတယ်လို့ ထိုင်းနိုင်ငံ Thammasat တက္ကသိုလ် ဥပဒေရေးရာဌာန ကထိက Lasse Schuldt က ပြောပါတယ်။

လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေအရေး ကိုင်တွယ်ဖို့ မလေးရှားနဲ့ စင်ကာပူတို့မှာ မကြာခင်က ဥပဒေပြုမှုတွေအပေါ် အများစုက အာရုံစိုက်ခဲ့ကြသလိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ သူတို့နည်း သူတို့ဟန် ဥပဒေပြုမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြား သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲ အကြိုကာလ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဖြစ်ခဲ့ရတာက လူမှုကွန်ရက် မီဒီယာမှာ လုပ်ကြံဖန်တီးတဲ့ သတင်းတွေ ဖြန့်ဝေခဲ့မှုကြောင့်ဆိုပြီးလည်း အပြစ်တင် ပြောဆိုကြပါတယ်။

-----------------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG