သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား-တရုတ် ရထားလမ်းစီမံကိန်းအရေး စိုးရိမ်ချက်၊ မျှော်လင့်ချက်နဲ့ စိတ်အနှောင့်အယှက် 


(Zawgyi / Unicode)

တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းဟာ ဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ပြည်သူလူထုချင်း ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေး တိုးမြှင့်နိုင်စေမယ့် အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကတိပြုထားတာပါ။ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတဲ့အပြင် တချို့ စီမံကိန်းတွေဟာဆိုရင် မျှော်လင့်မထားတဲ့ ကုန်ကျစာရိတ်တွေ၊ ဒေသ အပေါ်မှာ မထင်မှတ်တဲ့ ရိုက်ခတ် သက်ရောက်မှုတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကနေ Ahadian Utama ပေးပို့တဲ့သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်း နေ့စဉ်နေ့တိုင်း Heru Sutanto တယောက် ပူပန် စိုးရိမ်နေခဲ့ရပါတယ်။ အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာကနေ ၈၅ မိုင်လောက် အကွာမှာ ရှိတဲ့ အနောက်ဂျာဗား ပြည်နယ်က Padalarang မြို့မှာ သူ နေထိုင်နေတာပါ။ Padalarang မြို့ခံ Heru Sutanto က အင်ဒိုနီးရှား ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

" ကျနော် အမှန်တကယ် စိုးရိမ်နေတဲ့ ကိစ္စက ဒီမှာပါ။ ဒီဟာသာ ရွေ့သွားလို့ကတော့ အမိုးက ပြိုကျသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီအခန်းကို ကျနော်တို့ မသုံးတာပါ။ ကလေးတွေ အိပ်ခန်းအဖြစ် မသုံးတဲ့ အခန်း ၂ ခန်း ရှိပါတယ်။ စိုးရိမ်နေရမယ့် အစားတော့ ဧည့်ခန်းမှာဘဲ အိပ်တာ ပိုကောင်းပါတယ်။ "

Sutanto ရဲ့ အိမ်က လှိုဏ်ခေါင်း ဆောက်လုပ်ရေးနဲ့ မီတာ ၁၅၀ လောက်ဘဲ ဝေးပါတယ်။ ဒီလှိုဏ်ခေါင်းဟာဆိုရင် ဘောလုံးကွင်းတခုစာထက် ကြီးပါတယ်။ တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းအတွက် အထင်ကရ စီမံကိန်း တခုဖြစ်တဲ့ ဂျာကာတာ ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ ဂျာကာတာနဲ့ ဘန်ဒေါင်းကို ချိတ်ဆက်ဖို့ ဒီစီမံကိန်းက ရည်ရွယ်တာပါ။ Sutanto နေတဲ့ အိမ်ယာ အဆောက်အအုံက အနောက် ဘန်ဒေါင်းမှာ တည်ရှိပါတယ်။ လှိုဏ်ခေါင်း တည်ဆောက်ရေးကြောင်း အဲဒီ အဆောက်အအုံမှာ ရှိတဲ့ သူ့အိမ်အပါအဝင် တခြားသော မိသားစု ၁၀၀ ကျော်ကိုလည်း ထိခိုက်စေပါတယ်။ Meiki Paendong ကတော့ သဘာဝပတ်ဝန်းကျင် အရေး စည်းရုံးဆောင်ရွက်သူ ဖြစ်ပါတယ်။
"
ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဖောက်ခွဲတဲ့ နည်းပညာတွေကို အသုံးပြုတာကြောင့် လူနေအိမ်တွေကို ပျက်စီးစေတဲ့ အထိ ထိခိုက်သက်ရောက်ရတာပါ။ "

အင်ဒိုနီးရှားတွေနဲ့ တဖက်က တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးတွေကြား ဖွဲ့စည်းထားတဲ့ KCIC လို့ သိကြတဲ့ အင်ဒိုနီးရှား တရုတ် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း တာဝန်ရှိသူတွေထံ ဒေသခံတွေကတော့ သူတို့ စိုးရိမ်ပူပန်မှုကို အကြိမ်ကြိမ် တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ KCIC ဘက်ကတော့ ဘာမှ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ KCIC လုပ်ငန်းကြီးထံကို VOA က ဆက်သွယ်မေးမြန်းပေမဲ့လည်း အကြောင်းပြန်ကြားချက် မရပါဘူး။

၂၀၁၆ ခုနှစ် အတွင်း စီမံကိန်း စတင်ချိန်မှာတော့ ကနဦး ကုန်ကျစာရိတ်က အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံ ဖြစ်ပါတယ်။ ဒီထဲက ၇၅ ရာခိုင်နှုန်းကိုတော့ တရုတ် ဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးတာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံပိုင် လုပ်ငန်းကြီးက ကုန်ကျစာရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းကို တာဝန်ယူပါတယ်။ ကျန်တဲ့ ကုန်ကျစာရိတ်ကိုတော့ တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးတွေက မတည်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုန်ကျစာရိတ်က ဒေါ်လာ ၆ ဘီလျံ ပိုများလာခဲ့ပြီး နောက်ထပ် ဒေါ်လာ ၈ ဘီလျံ ထပ်ပြီး ကုန်ကျဦးမယ်လို့ အင်ဒိုနီးရှားရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာနက တာဝန်ရှိသူ တဦးကလည်း ပြောပါတယ်။

ဒီတည်ဆောက်ရေး လုပ်ငန်းဟာ ဆိုရင် အင်ဒိုနီးရှား သမ္မတ Joko Widodo ရဲ့ အစိုးရ အတွက် ကသိကအောက် အခြေအနေမျိုး ဖြစ်စေတယ်လို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုံးသပ်သူတွေက ပြောပါတယ်။ Darmaningtyas ဟာဆိုရင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုံးသပ်သူ ဖြစ်ပါတယ်။

" အစိုးရ အတွက် ရွေးချယ်စရာကတော့ ဒီဟာကို ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက်မယ်ဆိုရင်လည်း စီးပွားရေး အကျိုးဆက်က တလျှောက်လုံး အသုံးစာရိတ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ ဖြစ်သလို တကယ်လို့ ဆက်မလုပ်ဘဲ ရပ်လိုက်မယ်ဆိုရင်လည်း တလျှောက်လုံး စွန့်ပစ်ထားတဲ့ စီမံကိန်းကြီး တခု ဖြစ်သွားနိုင်ပါတယ်။ "

တချို့ ဒေသခံတွေကတော့ စီမံကိန်းကို ဆက်ပြီး လုပ်စေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဂျာကာတာနဲ့ ဘန်ဒေါင်းကြား ခရီးသွားရတဲ့ ကြာမြင့်ချိန်ကို သိသိသာသာ လျှော့ချနိုင်မှာကြောင့် ဖြစ်ပါတယ်။ ဂျာကာတာ မြို့ စွန်မှာ နေတဲ့ Achmad Rasyad ကတော့ ဂျာကာနဲ့ ဘန်ဒေါင်းကို သီတင်းပတ်တိုင်း အလုပ်နဲ့ အသွားအပြန် လုပ်နေရသူ ဖြစ်ပါတယ်။

" ပုံမှန်အားဖြင့်တော့ ၄ နာရီလောက် အချိန်ယူရပါတယ်။ ဒါပေမဲ့ မြန်နှုန်းမြင့် ရထားဆိုတော့ ၁ နာရီ - ၂ နာရီလောက် အချိန်လျှော့နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

စီမံကိန်း နှောင့်နှေးကြန့်ကြာနေတာကြောင့် ရထားလမ်း တည်ဆောက်ရေးကို ထောက်ခံသူတွေကြားမှာပါ စိတ်ပျက်လာနေကြပါတယ်။ မြန်နှုန်းမြင့် ရထားကို ၂၀၁၉ ခုနှစ် အတွင်းမှာ စတင် ပြေးဆွဲဖို့ ဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်ထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ Padalarang မြို့က Sutanto နဲ့ သူ့ရဲ့ အိမ်နီးချင်းတွေကတော့ ဆောက်လုပ်ရေး လုပ်ငန်းက တူးဖော်နေတဲ့ ဒဏ်ကို သူတို့အိမ်တွေ ဘယ်လောက် ကြာကြာခံနိုင်ရည် ရှိမလဲ ဆိုတာကို စိုးရိမ်နေကြပါတယ်။

===============

(Unicode)













XS
SM
MD
LG