ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းရဲ့ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA/PDF နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ VOA ကို ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီစစ်ကြောင်း အတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ မထုတ်ပြန်သေးပါဘူး။ မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။
ကရင်ပြည် ကော့ကရိတ်-မြဝတီ အတွင်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပိတ်ထားတဲ့အာရှလမ်းပြန်ဖွင့်နိုင်ရေး ကုန်သွယ်ရေးဇုန်ထိရောက်စွာအလုပ်လုပ်ကိုင်နိုင်ရေးအတွက်စစ်ကောင်စီဘက်ကတပ်အင်းအားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ကိုတက်လာပြီးအင်အားဖြည့်တင်းတာတွေ စစ်ရေးအတွက်ပြင်ဆင်တာတွေလုပ်နေတဲ့ အောင်ဇေယျစစ်ဆင်ရေးရဲ့ ရှေ့တန်းစခန်းတစ်ခုကို KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ပူးပေါင်းတပ်တွေဘက်ကခေါင်းဆောင်တဦးက VOAကို ပြောပြပါတယ်။
"စခန်းငယ်တခုပေါ့ အောင်ဇေယျစစ်ကြောင်းအခြေပြုထားတဲ့ စခန်းကိုကျနော်တို့ဘက် ကျားသစ်နက်စစ်ကြောင်းကသိမ်းလိုက်တယ်။ အဲဒီ စခန်းက စကစ စစ်သားတွေက ခုခံသူလည်းခုခံတယ် ထွက်ပြေးသူလည်းထွက်ပြေးတယ် အဲဒီ စခန်းကိုကျနော်တို့ဘက်က နာရီပိုင်းအတွင်းမှာပဲသိမ်းလိုက်တယ် လက်နက်ခဲယမ်းတွေလည်းအများအပြားရရှိတယ်"
စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း များဖြစ်တဲ့ ကျားသစ်နက်စစ်ကြောင်း ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် ။
စစ်ကောင်စီဘက်ကတော့ အင်အား ၅၀၀ ထက်မနည်း ကော့ကရိတ်ကနေ မြ၀တီဘက်ကို တက်လာပေမယ့် ဒီစစ်အင်အားတွေဟာ အတင်းအကျပ် စစ်သားစုဆောင်းထားတဲ့အရပ်သားတွေဖြစ်ပြီး စစ်ရေးအတွေ့အကြုံမရှိကြဘူးလို့လည်း ပူးပေါင်းတပ်တွေဘက်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေထွက်အပြီးမှာ အတင်းအကျပ်စစ်သားစုဆောင်းတာပေါတာဆွဲတာတွေဖြစ်နေပြီး မြို့ကြီးတွေမှာ ညဘက်တွေကိုလိုက်ဆွဲနေတာတွေလည်းရှိနေတာပါ။
စစ်ကောင်စီအနေနဲ့ကရင်ပြည်နယ်ထဲမှာအရေးပါတဲ့စစ်တပ်စခန်းတွေလက်လွှတ်ဆုံးရှုံးပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်မတ်လကတည်းကမြ၀တီမြို့ကိုအပြည့်အ၀ မထိန်းချုပ်နိုင်တော့သလို ကော့ကရိတ်ဘက်ကနေလာတဲ့ တပ်အင်အားတွေလည်း ထိခိုက်ကျဆုံးများနေပါတယ်။ အောင်ဇေယျစစ်ဆင်ရေးရဲ့ ရှေ့တန်းစခန်း လက်လွှတ်ဆုံးရှုံးရတာနဲ့ပတ်သက်လို့တော့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။
Forum