ကမ္ဘာ့ အကြပ်အတည်းအခြေအနေ အများကြီးထဲမှာ ရိုဟင်ဂျာလူမျိုးတွေရဲ့ အတိဒုက္ခကို မမေ့ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ကူညီဖို့အတွက်ရော အိမ်ရှင်နိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုး လျှော့ချဖို့ပါ ရန်ပုံငွေ ပိုပြီးလိုအပ်နေတယ်လို့ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဆက်ဖြစ်နေပြီး အာဖဂန်နစ္စတန်၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက အကြပ်အတည်းတွေကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေက ပိုလို့ ခက်ခဲလာနေတယ်လို့လည်း မစ္စတာ ဂရန်ဒီ က ဘန်ကောက်မြို့ မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဒီ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကိုယ်စားလှယ်တွေနဲ့ ရိုဟင်ဂျာဦးဆောင် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်တော့ မပါဝင်ခဲ့ဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Babar Baloch က ပြောပါတယ်။ ကုလသမဂ္ဂကလိုအပ်တယ်လို့ ခန့်မှန်းထားတဲ့ ရန်ပုံငွေရဲ့ ၄၀ ရာနှုန်းပဲ ရရှိပါသေးတယ်လို့လည်း အစည်းအဝေးမှာ တင်ပြသွားပါတယ်။
ဗြိတိန်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင် ၄.၅ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၅.၅ သန်း ထည့်ဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက်ထုတ်ပါတယ်။