(Zawgyi/Unicode)
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက အဓိကပြည်နယ်မြို့တော် ၅ ခုကို ညတွင်းချင်း အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ သောကြာနေ့မှာ ကြေညာပါတယ်။ သူတို့သိမ်းခဲ့တဲ့ မြို့တွေကတော့ တောင်ပိုင်းက ကန်ဒါဟာ၊ အနောက်ပိုင်းက ဟီရတ်၊ အရှေ့မြောက်ပိုင်းက ကာဟာရ်-အီး နော်၊ တောင်ပိုင်းက လက်ရှ်ခါ ဂါးနဲ့ အရှေ့တောင်ပိုင်းက မဟာဗျူဟာကျတဲ့ ဂါဇနီ မြို့တွေ ဖြစ်ကြပါတယ်။
အခုလို အဓိကမြို့ကြီးတွေကို သိမ်းပိုက်နိုင်တာဟာ သမ္မတဂါနီရဲ့ဇာတိမြို့ဖြစ်တဲ့ နိုင်ငံ့အရှေ့ပိုင်းက လော့ဂါပြည်နယ်ရဲ့မြို့တော် ပိုလ် - အီး အလာမ်နဲ့ တခြား ဘေးနားဝန်းကျင်က မြို့ငယ်လေးတွေကို ဆက်သိမ်းဖို့ ပိုလွယ်ကူသွားစေပါတယ်။
အူရုဇ်ဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ သွေးထွက်သံယို ကြီးကြီးမားမားမဖြစ်အောင် တာလီဘန်တွေကို မခုခံဖို့ လူမျိုးစုအကြီးအကဲတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက တောင်းဆိုခဲ့တာကြောင့် သူက တာလီဘန်တွေကို အသာတကြည် ထိန်းချုပ်ခွင့်လွဲှပေးခဲ့တာဖြစ်ကြောင်း ဗွီဒီယိုမိန့်ခွန်းတခုနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဟီရတ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဒေသတွင်း လက်နက်ကိုင်ခေါင်းဆောင်တဦးဖြစ်တဲ့ အစ္စမေးလ် ခန်းကို သူ့ရဲ့ထိပ်တန်းအရာရှိတွေနဲ့အတူ ဖမ်းဆီးထားကြောင်း တာလီဘန်တွေက ဒီကနေ့ သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုလို တာလီဘန်တွေ တမြို့ပြီးတမြို့သိမ်းပိုက်လာနေတာဟာ မြို့တော် ကာဘူးနားကို ပို နီးကပ်လာနေပြီး သမ္မတ အက်ရှ်ရက်ဖ် ဂါနီ အစိုးရအဖွဲ့ဟာ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းဌာနတွေရဲ့ မေးမြန်းစုံစမ်းမှုတွေကိုလည်း မတုံ့ပြန်ပါဘူး။
တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်ကတော့ အခုဆိုရင် သူတို့ဟာ အာဖဂန်နစ္စတန်ရဲ့ ပြည်နယ် ၃၄ ခုအနက် ၁၆ ပြည်နယ်ကို သီတင်းတပတ်အတွင်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒီကနေ့သောကြာနေ့မှာထုတ်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
..................................................................................
(Unicode)