သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်ဆိုင်၊ ချင်းရိုင်ရေဘေးသင့်သူတွေ ကူညီဖို့ ထိုင်းဝန်ကြီးချုပ်ညွှန်ကြား


မြန်မာနယ်စပ် မယ်ဆိုင်ရေဘေးသွားကြည့်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (စက်တင်ဘာ ၁၃၊ ၂၀၂၄)
မြန်မာနယ်စပ် မယ်ဆိုင်ရေဘေးသွားကြည့်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (စက်တင်ဘာ ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်နဲ့ ချင်းရိုင်ခရိုင်အတွင်းက ရေဘေးသင့် ပြည်သူတွေကို အမြန်ဆုံး ကူညီပေးကြဖို့ အစိုးရတာဝန်ရှိသူတွေကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ညွှန်ကြားလိုက်ပါတယ်။ ရေကြီးနေတဲ့အတွက် အိမ်တွေမှာ ပိတ်မိနေသူတွေဆီကို အစားအစာနဲ့ သောက်သုံးရေ အမြန်ဆုံး ပေးဖို့ကြနဲ့ ကူညီရေး ဆောင်ရွက်နေသူတွေလည်း ဘေးအန္တရာယ်ကင်းအောင် သတိထား လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မယ်ဆိုင်မြို့က ရေဘေးသင့် ဒေသတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကိုယ်တိုင် သွားရောက် ကြည့်ရှုပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံအပြီးမှာ ဝန်ကြီးချုပ်က အဲဒီလို ညွှန်ကြားလိုက်တာပါ။

ရေဘေးသင့်ပြည်သူတွေကို အချိန်စောင့်ခိုင်းမနေဘဲ ငွေကြေးအရ အမြန်ဆုံး ကူညီပေးနိုင်အောင် ဗဟိုအစိုးရက ဘတ်ဂျက်ချ စီစဉ်ပေးကြဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။​

မြန်မာနိုင်ငံ၊​ တာချီလိတ်မြို့ရဲ့ တဘက်ကမ်းမှာရှိတဲ့ ဒီ မယ်ဆိုင်မြို့ဟာ ထိုင်းနိုင်ငံမှာ လတ်တလော ရေဘေးဒဏ် အဆိုးရွားဆုံးခံနေရတဲ့ ဒေသဖြစ်ပြီး တချို ကျေးရွာတွေဟာ ဆက်သွယ်မှု ပြတ်တောက်နေတာကြောင့် မော်တော်ဘုတ်နဲ့သာ သွားလို့ရနေပါတယ်။ ရေဘေးဒဏ်ကြောင့် ချင်းရိုင်ခရိုင်အတွင်းမှာတင် သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး မိသားစု ၄ သောင်းခွဲလောက်လည်း ရေဘေးသင့်နေတယ်လို့ ထိုင်း သဘာဝဘေးအန္တရာယ် ကာကွယ် ဟန့်တားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖိလစ်ပိုင်၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Yagi ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ရေကြီး၊​ မြေပြိုမှုတွေနဲ့အတူ လူတွေလည်း ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် မုန်တိုင်းရိုက်ခတ်မှုအရှိန်ကြောင့် ထိုင်းနဲ့ မြန်မာနိုင်ငံမှာလည်း လူတွေ သေဆုံး ပျောက်ဆုံးတဲ့အထိ အကြီးအကျယ် ရေကြီးနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG