သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းလေးရေဘေး ၇ ဦးထက်မနည်းသေဆုံး


အင်းလေးဒေသ ရေကြီးရေလျှံအပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၂၊ ၂၀၂၄) (ဓာတ်ပုံ-Mya Aye)
အင်းလေးဒေသ ရေကြီးရေလျှံအပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၂၊ ၂၀၂၄) (ဓာတ်ပုံ-Mya Aye)

ရှမ်းပြည်နယ် အင်းလေးဒေသမှာ ရက်သီတင်းပတ် ၂ ပတ်ကျော်ကြာ ရေဘေးသင့်မှုမှာ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူအညီတွေ ဆက်တိုက်လိုအပ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ရေ ဆက်ပြီးကြီးနေတာကြောင့် အင်းလေးက ရွာတချို့ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။ အင်းလေးက ရေဘေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရာဂီ မုန်တိုင်း အခြေအနေကြောင့် ရေဘေးဒဏ်သင့်ခဲ့တဲ့အထဲမှာ ရှမ်းပြည်နယ်က ခရီးသွားဒေသတွေလည်း တော်တော်များများ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက နာမည်ကျော် အင်းလေးကန်ကြီး တဝိုက်မှာ ရှိနေတဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်က နေအိမ်တွေဟာ ရေနစ်မြုပ်ခဲ့ပြီး အခုချိန်ထိ ရေပြန်မကျသေးဘူးလို့ ဒေသခံတွေနဲ့ သွားရောက်ကူညီသူတွေက ဗွီအိုအေကို ပြောပါတယ်။ ရေဘေးဒဏ်ကို ၂ ပတ်ကျော်ကြာအောင် ကြုံတွေ့နေရပြီး၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အစုအပြုံလိုက် ခိုလှုံနေကြတယ်လို့ အင်းလေးဒေသခံ တဦးက ပြောပါတယ်။

"မြို့ထဲတော့ ရေနည်းနည်းကျတယ်။ အင်းထဲမှာတော့ တအားကြီးမကျသေးဘူး။ ရေမကျသရွေ့တော့ ခက်ခဲနေဦးမှာပဲ။ အင်းထဲရှိတဲ့ရေက အခုတိုက်ရိုက်သုံးလို့ အဆင်မပြေဘူး။ သောက်သုံးရေနဲ့ သုံးဖို့ရေကအစ အဲလိုမျိုး ဖြစ်နေတယ်ဗျ။ ရေကလည်း ၁ရက် - ၂ရက် မဟုတ်ဘူး။ အခုဆိုရင် ၁၅ ရက်လောက် ရှိနေပြီလေ။ အလှူရှင်တွေကလည်း လာကြတယ်ဗျ။ အဝေးတနေရာကနေ လာလှူတဲ့အတွက်လည်း အင်းလေးကိုယ်စား အများကြီး ကျေးဇူးတင်ပါတယ်ဗျ။ အလှူရှင်ကတော့ အမြဲတမ်းတော့ လှူတာပဲလေနော်။ အဲဒါကြောင့် အားနာတယ်ဗျ။ သူက တရက်တလေလည်း မဟုတ်ဘူးလေနော်။"

အင်းထဲက တချို့ရွာတွေမှာ ရေလွှမ်းနေလို့ သွားလာဖို့ခက်ခဲပြီး အစပိုင်းမှာ အကူအညီ မရောက်တာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနေရာတွေကို ဒေသခံစက်လှေတွေနဲ့ အလှူရှင်တွေ အခုရက်ထဲ ရောက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ရေပြန်ကျတဲ့ ကုန်းဘက်ရွာတွေမှာလည်း နုန်းတင်ကျန်ခဲ့တယ်လို့ အင်းတိန်ရွာဘက်ကို သွားရောက်ကူညီခဲ့သူ တဦးက ပြောပါတယ်။

"အင်းတိန်က မနေ့ကတော့ နောက်ထပ်ရေ တပေလောက်ကျတယ်။ လွန်ခဲ့သော တပတ်ကနေ ရေတပေလောက် ကျတယ်ပေါ့နော်။ အင်းတိန်မှာက အင်းတိန်ကုန်းရှိတယ်။ အင်းတိန်အလယ်၊ အင်းတိန်အရှေ့၊ အင်းတိန်အနောက် ဆိုပြီးတော့မှ အဝိုင်းလေးဝိုင်း ရှိတာပေါ့နော်။ အင်းတိန်ကုန်းဘက်ကတော့ အိမ်ပြိုတာတွေရှိတယ်။ စျေးတွေ ပျက်စီးသွားတယ်။ တံတားအကြီးတွေကတော့ သုံးလို့မရတော့ဘူး။ လူသေဆုံးမှုလည်း ရှိတယ်။ လောလောဆယ်မှာတော့ အဲဒီရွာမှာက ရေမကျန်တော့ဘူး။ ဒါပေမဲ့ တထပ်တိုက်အပုဆိုရင် နုန်းက အိမ်ရဲ့တဝက်တိတိ နုန်းဖုံးသွားတာ။"

အင်းတိန်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ဘီလူးချောင်းရေ ရုတ်တရက်တက်လာပြီး ချောင်းအနီးမှာနေထိုင်တဲ့ စစ်ရှောင်သူတချို့ ရေစီးထဲမျောသွားတဲ့ အထဲက ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေပြန်မကျသေးလို့ သွားလာရ ခက်ခဲနေတုန်းပဲလို့ ကူညီခဲ့သူတဦးက ပြောပါတယ်။

"လမ်းပန်းဆက်သွယ်ရေးက ကားလမ်းတွေကတော့ မရသေးဘူး။ ကားလမ်းမရဘူး ဆိုတာက အရင်ကဆိုရင် အင်းတိန်ဆိုတာက ကုန်းပေါ်ရွာပေါ့နော်။ အင်းတိန်ရွာအထိ ကားရောက်တဲ့ရွာပေါ့။ ဒါပေမဲ့ အခုလက်ရှိ ရေပြင်ဖြစ်တဲ့အတွက် ကားလမ်းတွေတော့ သွားလို့မရသေးဘူး။ ကျနော်တို့် အင်းတိန်ကုန်းရွာအထိပဲ ကားရောက်တယ်။ အဲဒီကနေ လှေစီးသွားရတယ်။ အင်းလေးက အဓိကလိုတာ စားသောက်ရိက္ခာကို အဓိကလိုတယ်။"

ရေဘေးဒဏ်ကြောင့် ရှမ်းပြည်နယ်မှာ ရေကြီးမြေပြိုပြီး၊ တချို့နေရာတွေမှာ အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။ အင်းလေးမှာတော့ ရေပြင်မှာနေထိုင်တဲ့ ဒေသခံတွေအတွက် လူထိခိုက်မှု မရှိပေမယ့်၊ တောင်ကျရေကြောင့် အင်းတိန်ရွာဘက်မှာ စစ်ရှောင်နေသူတချို့ သေဆုံးတာရှိခဲ့တယ်လို့ သိရပါတယ်။ ရက်သတ္တပတ် ၂ ပတ်ကျော်ကြာအောင် ရေဘေးဒဏ်သင့်နေတဲ့ အင်းလေးဒေသမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူအညီက ဆက်တိုက်လိုအပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အင်းလေးရေဘေး ၇ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:03:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG