သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံရေး ပြည်ပမှာ လက်မှတ်ကောက်ခံ


 ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အင်အားစုအဖွဲ့ (Force of peace campaign ) logo
ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အင်အားစုအဖွဲ့ (Force of peace campaign ) logo

အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးမှာ နေထိုင်နေကြတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနဲ့ စုဖွဲ့ထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အင်အားစုအဖွဲ့က မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဦးတည်ကြိုးပမ်းနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်းပြသဖို့ စနေနေ့တိုင်းမှာ အွန်လိုင်းအစည်းအဝေးတရပ်ကျင်းပလျှက်ရှိပါတယ်။ အဲဒီ အစည်းအဝေးက တဆင့် နိုင်ငံအသီးသီး မှာ ရောက်နေကြတဲ့ ပြည်ပရောက်မြန်မာလူမျိုးတွေကလည်း (၂၁) ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဝိုင်းဝန်းလက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တင်ပြမယ့် လှုပ်ရှားမှုကိုလည်း ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ဘယ်လောက်အထိ ခရီးရောက် နေပြီလဲဆိုတာကို မခွာညိုက မေးမြန်းတင်ပြထားပါတယ်။

သမ္မတဦးထင်ကျော်က ဇူလိုင်လအစောပိုင်းမှာ ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးကော်မရှင်ဟာ တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူညီချက် NCA ကိုအခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ ကို လာမယ့် သြဂုတ်လ စတုတ္ထပတ်မှာ နောက်ဆုံးထားပြီး ကျင်းပနိုင်ရေး ဆောင်ရွက်နေပါတယ်။

အခုလို ပြည်တွင်းမှာ ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေတာနဲ့ တချိန်တည်းမှာပဲ ပြည်ပရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြား စေ့ရေး ဆောင်ရွက်နေတဲ့ အစိုးရရဲ့ ဆောင်ရွက်ကြိုးပမ်းမှုတွေကို ထောက်ခံပံ့ပိုးပေးနိုင်ရေးရည်ရွယ်ပြီး (၂၁) ရာစု ပင်လုံညီလာခံကို အပြည့်အဝ ထောက်ခံကြောင်းကိုလည်း ပြသတဲ့အနေနဲ့ ထောက်ခံသူတွေရဲ့ လက်မှတ်တွေ ကောက်ခံနေတာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအင်အားစုမှာ ကမကထပြု ဆောင်ရွက်နေတဲ့ ကိုအောင်မြင့်ထွန်း က ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ အခုလို အခုလို ရှင်းပြပါတယ်။

“၂၀၁၅ အလွန်မှာ တက်လာတဲ့အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၁ ပင်လုံညီလာခံကို လုပ်ငန်းစဉ်တရပ်အနေနဲ့အကောင်အထည်ချပြီးလုပ်ဆောင်မယ့်အပေါ်မှာ ကျနော်တို့က ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ လိုက်လိုက်လဲှလဲှ ကျနော်တို့က ကြိုဆိုတယ်။ အဲဒီအတွက်ကြောင့် ဘာပဲဖြစ်ဖြစ်ကျနော်တို့ တင်ထားတဲ့အစိုးရလည်းဖြစ်တယ်။ ဒီအစိုးရ ကိုဝန်းရံမယ်။ ဝန်းရံတဲ့အခါမှာ အစိုးရကနေပြီးတော့ လက်ရှိလုပ်လာမယ့် လုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထောက်ကူပေးမယ့် လုပ်ငန်းတွေကို ကျနော်တို့လုပ်သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်နဲ့ ဒီလုပ်ငန်းကို ပထမဦးဆုံးစတင်ပြီးတော့ ကျနော်တို့လုပ်တာဖြစ်ပါတယ်ခင်ဗျ။

ဒီလက်မှတ်ကောက်ခံတဲ့သဘောထားက ကျနော်တို့ လက်မှတ်တွေရယူဖို့ထက် ကျနော်တို့ပြည်သူတရပ်လုံးက လက်ရှိအစိုးရနဲ့ တသားထဲရှိတယ်ဆိုတဲ့ အသံကို ကျနော်တို့ထုတ်ချင်တာဖြစ်တယ်။ အဲဒီလိုမျိုး အစိုးရအနောက်ကနေ ကျနော်တို့ပြည်သူတရပ်လုံးက ထာဝရရပ်တည်နေတယ်ဆိုတာကို ပြသချင်တဲ့သဘောကိုကျနော်တို့ ဖော်ဆောင်တာဖြစ်ပါတယ်။”

လက်မှတ်ကောက်ခံရာမှာ အွန်လိုင်းကနေပဲ ကောက်ခံသလား၊ တခြား ဘယ်နည်းလမ်းနဲ့ ပေးပို့လို့ ရနိုင်သလဲဆိုတာကို မေးမြန်းတဲ့ အခါမှာတော့ ကိုအောင်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ လက်မှတ်ကတော့ အွန်လိုင်းမှာတချို့ရတယ်။ နောက် ကျနော်တို့ ဒီအတိုင်း တအိမ်အတက်အဆင်းလိုက်ကောက်ဖို့အတွက်ကြိုးစားနေပါတယ်။ နောက်တချို့က အွန်လိုင်းမှာလုပ်ဖို့အခက်အခဲရှိတဲ့လူတွေလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ အပြင်ဘက်ကနေပြီးတော့ Form တွေနဲ့လုပ်ဖို့ ထုတ်ထားကြတယ်။ အခုကျတော်တို့အားလုံးပေါင်း လက်မှတ် ၆၀၀ ကျော် ၇၀၀ လောက်တော့လောလောဆယ်ရထားပါတယ်။ လက်မှတ်တွေကို သောင်း ပတ်ဝန်းကျင်လောက်တော့မှန်းထားတယ်။ အဓိက ကျနော်တို့ ဒါတွေကိုစုပြီးတော့ လွှတ်တော်ထဲကလုပ်နေတဲ့အလုပ်တွေ၊ ဒေါ်စုတို့လုပ်နေတဲ့လုပ်ငန်းစဉ်တွေ မြန်သထက် မြန်လာအောင်ဆိုတာထက် စနစ်တကျနဲ့ ပြေပြေပြစ်ပြစ်နဲ့အားလုံးပါဝင်နိုင်တဲ့နေ့အထိ အဲဒီလိုမျိုးသွားနိုင်ဖို့ ကျနော်တို့ကလည်း ဒီအပေါ်မှာ လက်မှတ်တွေ ကျနော်တို့ဖြေးဖြေးချင်းကောက်သွားမှာဖြစ်ပါတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အင်အားစုအဖွဲ့ဆီကို ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်း အဆိုပြုလက်မှတ်တွေကို peacecampaignburma@gmail.com ကနေ လည်း ဆက်သွယ်ပေးပို့နိုင်ကြောင်း ဒီအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒီအွန်လိုင်းလှုပ်ရှားမှုမှာ သြစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ နေထိုင်ကြတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြပြီး ဂျပန်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းကလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ လာရောက် ဆက်သွယ်နေပြီဖြစ်ကြောင်း ကိုအောင်မြင့်ထွန်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG