သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ဆွေးနွေးပွဲ အခြေခံမူ သဘောတူညီချက်ရဖို့ မျှော်လင့်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမယ့် မိုင်ဂျာယန်ညီလာခံကနေ တိုင်းရင်းသားတွေအားလုံး လက်ခံနိုင်တဲ့ အခြေခံမူ ဘုံသဘောတူညီချက် ချမှတ်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ညီလာခံတက်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်မယ့် ညီလာခံကျင်းပရာ ကချင်ပြည်နယ် မိုင်ဂျာယန်ကို အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီး သွားရောက်နေကြပါပြီ။ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လက်နက်ကိုင်တွေအားလုံး မျက်နှာစုံညီ ဆွေးနွေးကြ မယ့် ဒီ မိုင်ဂျာယန်ညီလာခံအပေါ် တိုင်းရင်းသားတွေ ဘယ်လောက် မျှော်လင့်ချက်နေကြသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေးတရပ် ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အဓိကအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အခြေခံမူ ဘုံသဘောတူညီချက် တရပ် ရရှိနိုင်ဖို့ရည်ရွယ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုထားတာပါ။

တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တဲ့ ရခိုင့်တပ်မတော် AA ရဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း မိုင်ဂျာယန်ညီလာခံကို တက်ရောက်ဖို့ ခရီးလမ်းကို ရောက်နေပြီဖြစ်သလို ဒီ မိုင်ဂျာယန်ညီလာခံကနေ တိုင်းရင်းသားတွေ အားလုံးလက်ခံတဲ့ သဘော တူညီမှုတိုင်းကို သူတို့အနေနဲ့လည်း ဆန္ဒတူထောက်ခံမှာဖြစ်ကြောင်း AA ရခိုင်တပ်မတော်က ဒုတိယဗိုလ်မှူးကြီးကျော်ဟန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ AA ရခိုင်တပ်မတော်အနေနဲ့က သီးခြားသဘောထားဆိုတာတော့မရှိပါဘူး။ ကျနော်တို့ ဒီဆွေးနွေးပွဲမှာ အများစုလက်ခံနိုင်တဲ့ သဘောတူနိုင်တဲ့အခြေအနေပေါ်မှာပဲ ကျနော်တို့ လက်ခံသွားမှာဖြစ်ပါတယ်။ ကျနော်တို့တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒနဲ့ ကျနော်တို့က တထပ်တည်းပါပဲ။ အားလုံးစုပေါင်းတဲ့ဘုံသဘောတူညီချက်တခုကို ရရှိဖို့အတွက်က ကျနော်တို့မျှော်လင့်ပါတယ်။ အဲဒီ ဘုံသဘောတူညီချက်ဆိုတာလေ အကုန်လုံးလက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်ဖြစ်ဖို့ ကျနော်တို့မျှော်လင့်ပါတယ်။”

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အပစ်မရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး မျက်နှာစုံညီ တွေ့ဆုံကြမယ့် ဒီမိုင်ဂျာယန်အစည်းအဝေးကနေ၂၁ရာစုပင်လုံညီလာခံအတွက် တိုင်းရင်းသားတွေအားလုံး လက်ခံနိုင်တဲ့မူဘောင်တွေ ချမှတ်နိုင်ရေး အားလုံး ပါဝင်ရေးဆိုတဲ့မှုကို ဆုပ်ကိုင်ထားကြဆဲဆိုတာကိုလည်း ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း အခုလိုပြောပါတယ်။

“အဓိကတော့ မိုင်ဂျာယန်ညီလာခံက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့တလှမ်းဆက်ဖို့အတွက်ကို ဆောင်ရွက်ကြတာဖြစ်တယ်။ အဲဒီတော့ အစိုးရကော၊ တပ်မတော်ကော ပြီးတော့ လက်မှတ်ရေးထိုးသည်ဖြစ်စေ မရေးထိုးသည်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက သိက္ခာရှိရှိနဲ့ ရှေ့ကိုဆက်သွားနိုင်ဖို့ ဒါအဓိကပါပဲ။ အဲဒီတော့ ညီလာခံမှာကတော့ ကျယ်ကျယ်ပြန့်ပြန့်လည်းရှိတယ် အားလုံးလက်ခံနိုင်တဲ့ ခိုင်ခိုင်မာမာရှိတဲ့အခြေခံမူတွေဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။”

မိုင်ဂျာယန်ညီလာခံကို တက်ရောက်ဖို့ သွားနေပြီဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO အဖွဲ့ဟာ သမ္မတဦးသိန်းစိန် လက်ထက် အပစ်ရပ ်လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ထဲက တဖွဲ့ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံအတွက် ဒီမိုင်ဂျာယန်အစည်းအဝေးကနေ အားလုံးလက်ခံနိုင်တဲ့ ဆုံချက်သဘောတူညီမှု ရရှိမယ်လို့ မျှော်လင့် ကြောင်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“ဒီ NCA ဟာ အစိုးရနဲ့ တပ်မတော်တို့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ဆုံချက်ဖြစ်သလို၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအချင်းချင်းကြားမှာလည်း ဆုံချက်ဖြစ်ပါတယ်။ နောက်တခါ နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေအပါအဝင် ပြည်သူလူထုနဲ့ ဆုံချက်ကလည်း ဒီ NCA မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ NCA ဆုံချက်အပေါ်မှာ အခြေခံထားပြီးတော့ ကျနော်တို့ ၂၁ ရာစုပင်လုံညီလာခံကိုလည်းပဲ ကျနော်တို့ အောင်မြင်စွာကျင်းပသွားနိုင်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။”

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်မီးငြိမ်းရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ဆွေးနွေးကြမယ့် ၂၁ ရာစုပင်လုံညီလာခံကို ဦးဆောင်မယ့် NLD အစိုးရအပေါ် ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ သဘောထားကိုလည်း AA ရခိုင်တပ်မတော်က ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က အခုလိုဆက်ပြောပါတယ်။

“ဒီ NLD အစိုးရ တက်ကတည်းကိုက ကျနော်တို့ ဒီအစိုးရကိုလည်း ကြိုဆိုတယ်။ ဒီအစိုးရက ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ညီလာခံကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ အဲဒီ ညီလာခံကို ကျနော်တို့ကို ဖိတ်ဖို့မဖိတ်ဖို့ဆိုတာကတော့ အစိုးရအပိုင်းပဲဖြစ်ပါတယ်။”

အရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရခိုင်တပ် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ချန်လှပ်ပြီး ငြိမ်းချမ်း ရေးဆွေးနွေးဖို့ကြိုးပမ်းတာမှာ NCA မူကြမ်းရေးဆွဲနိုင်ခဲ့ပေမဲ့ အားလုံးပါဝင်တဲ့လက်မှတ်ရေးထိုးမှု အထမမြောက်ပဲ ဖြစ်ခဲ့တာပါ။

အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံအကြို တွေ့ဆုံကြမယ့် မိုင်ဂျာယန်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မိုင်ဂျာယန်ကို သွားလာရေးလမ်းခရီးအစီအစဉ်တွေ အဆင်ပြေချောမွေ့နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကိုတင်ပြပြီး ငြိမ်းချမ်းရေးကော်မရှင်က စီစဉ်ဆောင်ရွက်ပေးနေ ကြောင်းကိုလည်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးကနေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးပါဝင်ရေး အောင်မြင်စွာဆွေးနွေးညှိနှိုင်းပြီး ၂၁ ရာစုပင်လုံညီလာခံကို အားလုံးစုံညီ တက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်ပါစေကြောင်းလည်း ငြိမ်းချမ်း ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး မျက်နှာစုံညီဆွေးနွေးကြမယ့် မိုင်ဂျာယန်ညီလာခံကနေ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တဲ့အတွက် မလုပ်စေချင်ဘူးဆိုပြီး တပ်မတော်ဘက်က ဘဝင်မကျ ကြောင်းကိုလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ တပ်မတော်ရဲ့ သဘောထားကို ပြောထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေမှာ ကျင်းပမယ့် မိုင်ဂျာယန်အစည်းအဝေး မတိုင်ခင် ရက်ပိုင်းအတွင်းမှာလည်း ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မန်စီဘက်က ကျေးရွာတချို့နားမှာ မြန်မာတပ်မတော်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲ အချို့လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီတိုက်ပွဲတွေဟာ မိုင်ဂျာယန်အသွား ကားလမ်းနဲ့ အလှမ်းကွာတဲ့နေရာမှာ ဖြစ်တာ ကြောင့် သွားလာရေးနဲ့ ညီလာခံကျင်းပရေးကို ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ပွဲကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG