သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆွဲဆောင်ရေး ကုမ္ပဏီဥပဒေပြင်မည်


 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ Coca-cola ကုမ္ပဏီ ဆိုင်းဘုတ်ကိုတွေ့ရစဉ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ Coca-cola ကုမ္ပဏီ ဆိုင်းဘုတ်ကိုတွေ့ရစဉ်။

ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂ ထောင် ကျော် ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောဆိုပါတယ်။ အခု ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆ ထောင်ရောက်ရှိဖို့ မျှော်လင့် ထားတဲ့ မြန်မာအစိုးရသစ်က ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီး လုပ်ကိုင်ရ လွယ်ကူစေဖို့ ရာစုနှစ် တခုကျော် သက်တမ်းရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေကိုလည်း အသစ်ပြင်ဆင်ဖို့ စီစဉ်နေပါပြီ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

မြန်မာ့နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးတက်လာတာ မရှိသေးပေမယ့် လာမယ့်လတွေ အတွင်း တိုးလာမယ့် အလားအလာ ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောဆိုပါတယ်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆ ထောင်ထိ ရောက်ဖို့ ရည်မှန်းထားတဲ့ အကြောင်းလည်း ရင်းနှီးမြှုုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“အခုလက်ရှိ update အခြေအနေမှာ သန်း ၃၀၀ ကျော်လောက်တော့ ကျနော်တို့ဖြစ်သွားပြီပေါ့။ သို့သော် ကျနော်တို့လက်ထဲမှာရှိတဲ့ proposal တွေ အဲဒါတွေအားလုံးပေါင်းလိုက်ရင်တော့ ကျနော်တို့လက်ထဲမှာ ၂ ဘီလီယံလောက်တော့ရှိတယ်ပေါ့။ compare လုပ်ရင်တော့ ယခင်အခြေအနေနဲ့ ယခုအခြေအနေ နှိုင်းယှဉ်ရင်တော့ investment အနေအထားက လျော့တော့မသွားဘူး ဒါပေမယ့် သိသိသာသာ တက်လာတဲ့အနေအထားတော့မရှိသေးဘူးပေါ့နော်။ ကျနော်သုံးသပ်ကြည့်တာကတော့ first half ပေါ့လေ ဒီ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးအထိကတော့ သိပ်ပြီး အင်နဲ့အားနဲ့ ဝင်လာမယ့်အနေအထားမရှိသေးဘူး။ ဘာကြောင့်လဲဆိုရင်တော့ တချို့ဟာတွေ ပွင့်ပွင့်လင်းလင်းကျနော်ပြောရရင်တော့ economic policy ကိုစောင့်နေကြတာပေါ့။ economic policy ထုတ်မယ်လို့ပြောတဲ့အခါမှာ economic policyမှာ ဘာတွေထူးခြားမလဲဆိုတာလေးတွေ စောင့်ကြည့်နေတဲ့အနေအထားလေးတွေရှိတယ်။ တချို့လည်း prepare လုပ်ထားပြီးတော့မှ proposal တင်ဖို့အတွက် ပြင်ဆင်နေကြတာလေးတွေရှိတယ်။ ဆိုတော့ ကျနော်တို့ကတော့ second half မှာ investment လေးတွေ သိသိသာသာဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ ၂၀၁၆-၂၀၁၇ financial Year မှာကျနော်တို့က US 6 Billion target ရောက်အောင်ကျနော်တို့က target ရှိပြီးသားပါ။”

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့နဲ့ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူစေဖို့ အတွက် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကိုလည်း အသစ် ပြင်ဆင်ရေးဆွဲပြီး လွှွတ်တော်ကို တင်ပြ အတည်ပြုနိုင်ဖို့ စီစဉ်နေတာပါ။ အသစ်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းမှာတော့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်ဖို့၊ နောက် လက်ရှိ ရှုပ်ထွေးလှတဲ့ ရုံးလုပ်ငန်းစဉ်တွေကို လျှော့ချနိုင်ဖို့ကိုလည်း ထည့်သွင်းထားတာပါ။ နိုင်ငံသားပိုင် ကုမ္ပဏီထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း အထိ ခွင့်ပြုမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

“လက်တလောအားဖြင့်ကျနော်တို့က ဘယ်လောက်အထိ သဘောတူ ထားသလဲဆိုတော့ ၃၅ ရာခိုင်နှှုန်းပေါ့နော်။ မြန်မာကုမ္ပဏီထဲမှာ foreigner တွေရဲ့ equity ratio ကို ၃၅ ရာခိုင်နှုန်းပါဝင်ခွင့်ပေးမယ်။ ပါဝင်ပေးသော်လည်း ဒီကုမ္ပဏီကို ကျနော်တို့ မြန်မာကုမ္ပဏီ အဖြစ်ပဲဆက်ပြီး treat လုပ်မယ်ပေါ့နော်။ ၃၅ ရာခိုင်နှုန်းကျော်သွားပြီဆိုရင်တော့ foreign ကုမ္ပဏီဖြစ်သွားပြီပေါ့နော်။ အဲဒီလိုလုပ်ခြင်းအားဖြင့် မြန်မာကုမ္ပဏီတွေမှာလည်း foreigner တွေနဲ့ပေါင်းပြီး လက်တွဲလုပ်ကိုင်ခွင့် လွယ်လွယ်ကူကူ လုပ်လို့ ကိုင်လို့ ရမယ့် အခွင့်အလမ်းတွေတိုးလာမယ်။ နောက် financial support တွေပိုရလာမယ်။ နောက်တခုကလည်း ဈေးကွက်ရရှိမှုပေါ့နော် Market access တွေလည်း ပိုရလာနိုင်တယ်ပေါ့နော်။ဒါမျိုးတွေစဉ်းစားပြီးတော့ ကုမ္ပဏီဥပဒေအသစ်ထဲမှာ ဒီ ပါဝင်ခွင့်ကို ၃၅ ရာခိုင်နှုန်းအထိ ပေးထားပါတယ်။”

လက်ရှိ တည်ဆဲ ကုမ္ပဏီများအက်ဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်ချက် အပေါ်မှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကြိုဆိုပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဌ ဦးသက်လွင်တိုးကတော့ အခုလို ပြောပါတယ်။

“တရားဝင်လုပ်ရတဲ့အကြောင်းကတော့ local privilege ပေါ့နော် local partner တွေရဲ့ခံစားခွင့်လေးတွေ Rights လေးတွေရသွားမယ်ဆိုရင်တော့ နိုင်ငံခြားသားတွေက မြန်မာကုမ္ပဏီတွေထဲမှာ ရှယ်ယာဝယ်ပြီးတော့ ပါဝင်တာတွေထပ် invest လုပ်တာမျိုးတွေ ဖြစ်နိုင်တဲ့အခွင့်အလမ်းတော့ ရှိတယ်ပေါ့။ ဒါမျိုးကိုတော့ in kind အနေနဲ့ Invest လုပ်တယ်ဆိုရင်တော့ ဟိုတယ်တို့ အခြားပေါ့နော် ၊ စက်ရုံတို့ စက်မှုလုပ်ငန်းတွေ အခြား technology အပိုင်းမှာဆိုရင်တော့ ကောင်းတာပေါ့နော်။ Tourism sector ကတော့ invisible product ဖြစ်နေတော့ ဒီဟာတွေကို သွားပြီးတော့ ထည့်မယ်ဆိုရင် ပြောရတော့ ခက်တာပေါ့နော်။ Tourism ဆိုတာက အငွေ့ပဲလေ market တွေ ယူလာမယ်ဆိုရင်လည်း ဒီ market တွေက လူပြောင်းသွားရင် အခြားလူကိုရောင်းလိုက်ရင် ဆုံးရှုံးတာတွေလည်းရှိနိုင်မယ်ဆိုတော့ သူတို့ ငွေအရင်းအနှီး အနေနဲ့ ထည့်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။”

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ပြီး သမ္မတထံကို တင်ပြဖို့ စီစဉ်နေပါတယ်။ သမ္မတ အတည်ပြုချက် ရရင် လွှတ်တော်ကို တင်ပြ အတည်ပြုဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ဥပဒေ အဖြစ် အသက်ဝင်လာဖို့လည်း မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG