သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးရာ ၀န်ကြီး Jean-Yeves Le Drian ဟာ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အခြေနေတွေ အပေါ် ပြင်သစ်နိုင်ငံက အလွန်စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့လည်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးက တောင်းဆိုခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားသလို ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေနဲ့ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို အကာအကွယ်ပေးဖို့ ပြောကြားခဲ့ပါတယ်။

အမြန်ဆုံး ဒေသအတွင်း လုံခြုံမှုပြန်လည်ရရှိဖို့နဲ့ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးရာမှာ အတားအဆီးတွေ မရှိစေဖို့ ၊ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းယူခွင့်ပြုဖို့ စတာတွေကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အစိုးရဟာ ဒုက္ခသည်တွေ ပြန်လည် အခြေချနေထိုင်ရေး၊ လူသားချင်း စာနာမှုအကူညီ အထောက်ပံတွေ ပေးရေး စတာတွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာပြောဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းနေမှုကို ပြင်သစ်နိုင်ငံက ထောက်ခံတဲ့ အကြောင်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG