(Zawgyi/Unicode)
မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ Freedom House အဖွဲ့ကပြောပါတယ်။
ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာထုတ်ပြန်နေတဲ့ ဝါရှင်တန် ဒီစီအခြေစိုက် Freedom House အဖွဲ့ရဲ့ ဒီကနေ့အစီရင်ခံစာထဲမှာ အဲဒီလို အပြင်းအထန် ဝေဖန်ထားတာပါ။
နိုင်ငံတခုချင်းစီရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို အဆင့် ၁ အနိမ့်ဆုံးနဲ့ အဆင့် ၁၀၀ အမြင့်ဆုံးအဖြစ် အဆင့်ခွဲခြားသတ်မှတ်တာမှာ မြန်မာနိုင်ငံကို မနှစ်ကထက် ၁၄ ဆင့်လျှော့ချပြီး အဆင့် ၁၇ မှာ သတ်မှတ်ထားတာပါ။ ဒါဟာ Freedom House အဖွဲ့က စပြီး မှတ်တမ်းတင်ခဲ့ကတည်းကဆိုရင် အဆင့်အများဆုံး ကျဆင်းမှုဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာကိုပဲ အင်တာနက်အပိတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ဒေသခံတဦးကတော့ အင်တာနက်ပိတ်တာဟာ လူတယောက်ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ ခံစားရတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့ ဘက်က ပြောမယ်ဆိုရင်တော့ အစစအရာအရာပေါ့၊ တဦးနဲ့ တဦးချိတ်ဆက်ပြီးတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်နေတဲ့ အနေအထားဆိုတော့ ပြည်တွင်းက ဖြစ်ပျက်နေတာတောင်မှ ကျနော်တို့ အဆက်အသွယ်တွေ အကုန်ပျက်သွားအတွက် ကျနော်တို့ လူ့ အခွင့်အရေးတွေ အကုန် ဆုံးရှုံးတယ်။ လူတယောက်ရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ အဲလိုပဲခံစားရတယ်။ ကျနော့် အနေနဲ့ ကတော့။”
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အင်တာနက်ကို ပိတ်ပစ်ခဲ့တာ၊ ဆိုရှယ်မီဒီယာကို ပိတ်ပင်တာ၊ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို ရုပ်သိမ်းခဲ့တာ၊ နည်းပညာကုမ္ပဏီတွေဆီကနေ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေးဖို့ အတင်းအကျပ်တောင်းယူခဲ့တာ စတဲ့လုပ်ရပ်တွေကို Freedom House အဖွဲ့က ထောက်ပြထားပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေရဲ့ မိုဘိုင်းဖုန်းတွေထဲက အချက်အလက်တွေကိုရယူဖို့ အာဏာသိမ်းစစ်ကောင်စီဟာ အစ္စရေးလ်၊ အမေရိကန်နဲ့ ဆွီဒင်ကုမ္ပဏီတွေဆီကနေ ဝယ်ယူခဲ့တဲ့ နည်းပညာကို သုံးခဲ့ဖွယ်ရှိတယ်လို့ Freedom House အဖွဲ့က ရေးထားပါတယ်။
ဆန္ဒပြသူတွေသာမက အင်တာနက်အသုံးပြုတဲ့ သာမန်လူတွေပါ အွန်လိုင်းပေါ်မှာ ပြောဆို ရေးသားတာတွေကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာ၊ လက်စဖျောက်ခံရတာတွေ ရှိခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
........................................................................................
မြန်မာအင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ရောက်ရှိ - Freedom House
(Unicode)
အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်လှုဒါန်းမှုများ ပြန်စမယ်
ကမ္ဘာပေါ် မှာ အများဆုံး ကာကွယ်ဆေး ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံ က ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ မှာ ပိုမို ထုတ်လုပ် တင်ပို့ပြီး လှူဒါန်းမယ် လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီး က တနင်္လာနေ့ က ပြောလိုက်ပါတယ်။ ထုတ်လုပ်မှုတွေ က ဧပြီလ မှာ ကိုဗစ် ရောဂါ ကူးစက်တာ တက်လာခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းခဲ့တာပါ။
COVID 19 ရောဂါ တိုက်ဖျက်ဖို့အတွက် ကမ္ဘာ ကို ပေးထားတဲ့ ကတိကဝတ် ကို အိန္ဒိယ က ကာကွယ်ဆေး ပိုမိုထုတ်လုပ်ပြီး ဖြည့်ဆည်းမှာ ဖြစ်တယ် လို့ ဝန်ကြီး Mansukh Mandaviya က ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယ နိုင်ငံသားတွေ ကို ကာကွယ်ဆေး ထိုးပေးရေး က အိန္ဒိယ ရဲ့ ထိပ်ဆုံး ဉီးစားပေး ဖြစ်ပါတယ် လို့ သူ က ဆက် ပြောပါတယ်။
ကမ္ဘာအတွက် ကာကွယ်ဆေး ထုတ်ရာမှာ အိန္ဒိယ ကို အဓိက ထုတ်လုပ်သူ အဖြစ် မျှော်လင့်ခဲ့ကြပြီး၊ ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ ကာကွယ်ဆေး ရရှိမှု ဆိုင်ရာ မျှတ၊ တန်းတူရေး အစီအစဉ်၊ အင်္ဂလိပ်လို အတိုအားဖြင့် COVAX အတွက် အဓိက နိုင်ငံ အဖြစ် မျှော်လင့်ထားတာပါ။ ထုတ်လုပ်မှု ရပ်ဆိုင်းမသွားမီ က အိန္ဒိယ နိုင်ငံ ဟာ တိုင်းပြည်ပေါင်း ၁၀၀ နီးနီး ကို ကာကွယ်ဆေး အလုံးရေ ၆၆ သန်း ရောင်းခဲ့ ဒါမှမဟုတ် လှူခဲ့ပါသေးတယ်။ ပြန်လည် ထုတ်လုပ်ရာမှာ ၂ ဆ ထုတ်လုပ်ခဲ့ပြီး၊ အောက်တိုဘာ လ မှာ ဆေး အလုံးရေး သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ဝန်ကြီး က ပြောပါတယ်။ ခု အခါမှာ Serum Institute of India ဟာ AstraZeneca ကာကွယ်ဆေး ကို တစ်လ အလုံးရေ သန်း ၁၅၀ ထုတ်လုပ်နေပါတယ်။ (1:15)
အိန္ဒိယ နိုင်ငံ မှာ လူသန်းပေါင်း ၁၄၀၀ ရှိပြီး၊ ကာကွယ်ဆေး သန်းပေါင်း ၈၀၀ ကျော် ထိုးပေးပြီး ဖြစ်ပါတယ်။ ဆေးတစ်လုံး ရပြီးသူ လူကြီး လူဉီးရေ ရဲ့ ၆၂ %၊ နှစ်လုံး ရပြီးသူ ၂၂ % ရှိပါတယ်။