သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်ရွေးကောက်ပွဲ သမ္မတ Macron ပါတီ အပြတ်အသတ် ဦးဆောင်နေ


သမ္မတ Emmanuel Macron နှင့်ဇနီးသည် မဲထည့်စဉ်
သမ္မတ Emmanuel Macron နှင့်ဇနီးသည် မဲထည့်စဉ်

ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးအတွေ့အကြုံ မရှိသေးတဲ့ ပါတီသစ်ကို ထူထောင်သူ အလယ်အလတ် ဝါဒီ သမ္မတ Emmanuel Macron ရဲ့ပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရဖို့ ရှိနေပါတယ်။

တနင်္ဂနွေနေ့ ပထမအကျော့ မဲပေးရာမှာ မဲအားလုံးရဲ့ ၃၂ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်မှာပဲ အခုလို သိလာရတာပါ။

ဒါကြောင့် သမ္မတရဲ့ La République en Marche အဖွဲ့က လွှတ်တော်မှာ အများစု နေရာကို ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အောက်လွှတ်တော် အမတ်နေရာ ၅၇၇ ထဲက နေရာ ၄၀၀ ကနေ ၄၄၀ အတွင်း ရရှိမှာပါ။

ခန့်မှန်းချေ ၅၂ ရာခိုင်နှုန်း လောက်က မဲလာမပေးပဲ နေခဲ့ကြတာမို့ မဲလာပေးသူ အရေအတွက်က မကြုံဘူးအောင် သိပ်နည်းပါတယ်။ ဒါဟာ စိတ်ပျက်စရာ ကောင်းတဲ့ ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲနောက်ပိုင်း မဲပေးသူတွေ ငြီးငွေ့ ကုန်တာကြောင့်လို့ အပြစ်ဖို့ကြပါတယ်။

အခုရလဒ်က သမ္မတ Macron ကို ခိုင်ခိုင်မာမာ လုပ်ပိုင်ခွင့် ရစေတယ်လို့ အများက ရှုမြင်ကြပါတယ်။ သမ္မတ ရွေးကောက်ပွဲတုန်းက Macron ကို မဲပေးကြသူ အများစုဟာ အထူးသဖြင့် လက်ဝဲယိမ်းဝါဒစွဲ ရှိသူ တွေက Macron ရဲ့ ပြိုင်ဘက် Marine Le Pen အနိုင်မရအောင် သူ့ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော်ရွေးကောက်ပွဲ ရောက်ရင်တော့ သမ္မတသစ်ကို မဲမပေးဘူးလို့ အများက ပြောနေကြပေမယ့် အခု ရလဒ်ကို ကြည့်ရင် သူတို့ ထဲက အများစုက စိတ်ပြောင်းသွားတာကို တွေ့ရပါတယ်။

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၂၈ ရက် အကြာမှာပဲ သမ္မတသစ် Macron ဟာ နိုင်ငံတကာ စင်မြင့်ပေါ်မှာ ထင်ပေါ်တဲ့ သူတယောက် ဖြစ်နေပါပြီ။ အမေရိကန် သမ္မတ Donald Trump ကို ထူးခြားတဲ့ လက်ဆွဲနှုတ်ဆက်မှုနဲ့ အနိုင်ယူခဲ့တာ၊ ရုရှားသမ္မတ Vladimir Putin ကို ဘေးမှာထားပြီး ဝေဖန်ခဲ့တာတွေ အပြင် နိုင်ငံတကာပါဝင်တဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ သဘောတူ စာချုပ်ကို အမေရိကန်က နုတ်ထွက်အပြီးမှာ ချက်ချင်းပဲ တင်သွင်းခဲ့တဲ့ သူ့ရဲ့ အဆိုပြုချက် အသစ်တွေကြောင့် အခုလို ထင်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG