သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါကပြန်ပို့မည့် ကိုသန်းစိုးရှေ့ရေး ဒီမိုကရေစီလှုပ်ရှားသူတွေ စိုးရိမ်


ကနေဒါအစိုးရက ပြန်ပို့ဖို့ စီစဉ်နေသည့် ကိုသန်းစိုး။
ကနေဒါအစိုးရက ပြန်ပို့ဖို့ စီစဉ်နေသည့် ကိုသန်းစိုး။

မြန်မာ့ ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ကနေဒါအစိုးရက နိုင်ငံရေးခိုလှုံခွင့် ပေးဖို့ ငြင်းပယ်ခံလိုက်ရတဲ့ ကိုသန်းစိုး ခေါ် ရဲရင့်ရဲ့ အရေး မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြသူတွေ ပိုမို သိရှိ နားလည်စေရေးအတွက် ရည်ရွယ်ပြီး လုပ်ဖော် ကိုင်ဘက် ဟောင်းနဲ့ မိတ်ဆွေတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့သူ တဦးအနေနဲ့ မြန်မာနိုင်ငံကို လူ့ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့် ရသင့်တယ်လို့ အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်သူ ကိုဇာနည်သွေးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကိုသန်းစိုးဟာ ပညာတော်သင်အစီအစဉ်နဲ့ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ခဲ့ပေမယ့်လည်း ၁၉၈၉ ခုနှစ်တုန်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံတစင်းကို ၁၉၈၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို ပြန်ပေးဆွဲသွားခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက် နေထိုင်ခွင့် မပေးတာကြောင့် ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမယ့် ကနေဒါအစိုးရက သူ့ကို တရားဝင် နေထိုင်ခွင့်မပေးပဲ အခုချိန်ထိ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တာပါ။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးတဲ့နောက် ကိုသန်းစိုးကို မြန်မာပြည် ပြန်ပို့ဖို့ ကနေဒါအစိုးရက ၂၀၁၆ ခုနှစ်မှာ စတင် စီစဉ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ သူ့ရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း ကနေဒါ နယ်စပ်ဒေသ လုံခြုံရေးဌာနက သူ့ကို ခေါ်ယူ အသိပေးခဲ့ပါတယ်။

နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် သူ့ရဲ့ မိတ်ဆွေတွေ၊ ကနေဒါ လွှတ်တော်အမတ်တွေက သူ့ကို မြန်မာနိုင်ငံ ပြန်မပို့ရေး ကြိုးစား ဆောင်ရွက်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သူ့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရေး စီစဉ်ဖို့ အချိန် သီတင်းပတ် ၄ ပတ်ကနေ ၆ အထိ ပေးလိုက်တာကြောင့် မကြာခင်မှာ သူ့ကို ကနေဒါအစိုးရက ပြန်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ အပါအဝင်

မိတ်ဆွေတွေက မြန်မာနိုင်ငံနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူ့အကြောင်း အဖြစ်မှန်ကို သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ ဇွန်လ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြပါတယ်။

ကနေဒါနိုင်ငံက သူ့ကို မဖြစ်မနေ ပြန်ပို့မယ်ဆိုရင်တောင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လူ့ဂုဏ်သိက္ခာရှိရှိ သူ့ကို မြန်မာအစိုးရက ပြန်လည် လက်ခံသင့်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တဦးဖြစ်သူ ကိုဇာနည်သွေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ တွေ့ရတဲ့ အချက်အလက်က ဘာလဲဆိုတော့ သူ ဒီကိုပြန်လာဖို့ ရုတ်တရက် အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေ။ အဲဒီ အဆင်သင့် မဖြစ်သေးခင် ကလေးမှာကို တလေးတစား၊ လေးလေးစားစား ဆက်ဆံစေချင်တယ်။ လူ့ဂုဏ်သိက္ခာနဲ့ အညီပေါ့ဗျာ။ ဒါက တချက်ပေါ့။ ဒုတိယတချက်ကတော့ ကျနော် Confident ဖြစ်တယ်၊ ကျနော် ယုံကြည်တယ်၊ သူ ပြန်လာလိမ့်မယ်၊ အမိမြန်မာပြည်ကို။ ဒီကနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ကို လိုအပ်တဲ့ နေရာတွေမှာ နိုင်စွမ်းသလောက် ပါဝင် ဆောင်ရွက်မှာ သေချာတယ်။ သို့သော် ကျနော်တို့က ပြန်ခေါ်ဖို့သင့်တယ်ဆိုတာက Deportation (အဓမ္မပြန်ပို့ခြင်း) ပုံစံမျိုးနဲ့လေ၊ အကျဉ်းသားလွဲပြောင်း ပေးအပ်တဲ့ ပုံစံမျိုး ဖြစ်တာကို ကျနော်တို့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ တရားဝင် ဖိတ်ခေါ်ပြီး ကိုရဲရင့်ကို၊ ကိုသန်းစိုးကို ကနေဒါနိုင်ငံ အနေနဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို မပေးနိုင်ဘူး ဆိုရင်လည်းပဲ ကျနော်တို့ ကျမတို့ မြန်မာနိုင်ငံက ပြန်လည် ဖိတ်ခေါ်ပါတယ်၊ လှိုက်လှိုက်လဲလဲ ပြန်လာခဲ့ဖို့။ မြန်မာ့ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့တဲ့သူ တယောက် အနေနဲ့ လေးလေးစားစား ပြန်ပြီး ဖိတ်ခေါ်၊ ကြိုဆိုစေချင်တယ်။ အဲဒီ သဘောဆန္ဒပါ ခင်ဗျ။”

၁၉၈၉ ခုနှစ်မှာ မြိတ်မြို့နေ လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့ကြတဲ့ ကိုသန်းစိုးခေါ် ရဲရင့်နဲ့ ရဲသီဟတို့ ၂ ဦးရဲ့ လက်ထဲမှာ ခရီးသည်တွေကို အန္တရာယ် ဖြစ်စေတဲ့ လက်နက်ပစ္စည်း တစုံတရာမှာ မပါခဲ့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တဖက်တလမ်းကနေ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ကိုဇာနည်သွေးက အခုလို ဆက်ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ၊ လေယာဉ်ပျံ ပြန်ပေးဆွဲတဲ့အခါမှာ ရည်မှန်းချက် ကြီးကြီး မားမားနဲ့ အသက်အန္တရာယ် ပေးလောက်တဲ့ အထိကို ရည်မှန်းခဲ့တာ မဟုတ်ဘဲနဲ့ သူတို့မှာ ကိုယ်၌ကိုက အန္တရာယ် ပေးလောက်တဲ့ ပစ္စည်း တစုံတရာ ပါမသွားဘဲနဲ့ ရှင်းရှင်း ပြောရရင်တော့ ဒီမိုကရေစီအရေးကို ဟောပြော စည်းရုံးပြီးတော့ကို ခေါ်သွား ခဲ့ရတာ။ အဲဒီတော့ နဂိုရည်မှန်းချက်ကိုယ်၌ကိုက ဖြူစင် သန့်ရှင်းတယ်လေဗျာ။ ဒီအတွက်ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်တယ်။ နောက်တချက်က ဒီကနေ့ ဒီမိုကရေစီ အစိုးရဖြစ်တယ်။ ဒီမိုကရေစီ အစိုးရဖြစ်နေတော့ သူတို့တောင်းဆိုတဲ့ အချက် (၇) ချက်ကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင် ကူးပြောင်း သွားစေချင်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေး စေချင်တာရယ်၊ တန်းတူညီမျှစွာ ဆက်ဆံစေချင်တာ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖိနှိပ်မှု ရပ်ဆိုင်းဖို့ ပြောခဲ့တာဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ၊ ဒီမိုကရေစီ တည်ဆောက်ရေးမှာ ကြီးကြီးမားမား ပါဝင်ခဲ့တဲ့သူ တယောက်အနေနဲ့ ဒါကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပြည့်ပြည့်၀၀ ပေးသင့်ပါတယ်။ ပေးလည်း ပေးရမှာ ဖြစ်ပါတယ်။ ပေးအောင်လည်း ကျနော်တို့ တောင်းဆိုသွားမှာပါ။”

မြန်မာ့ ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကိုသန်းစိုးကို ကနေဒါ အစိုးရက အဓမ္မ ပြန်ပို့ခဲ့မယ်ဆိုရင် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်သာ မကဘဲ ကမ္ဘာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီး တခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် စေနိုင်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ကိုဇာနည်သွေးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“တဖက်ကတော့ ကိုရဲရင့်အနေနဲ့ ဟိုဘက်က လုံး၀ လက်မခံဘူး၊ အတင်းအကြပ် ပြန်ပို့မယ်ဆိုရင် သူနေလို့မှ မရတာ။ ဟိုဘက်က ဖမ်းဆီး ထိန်းသိမ်းပြီး ပြန်ပို့မှာ။ အဲဒါကို ကျနော်တို့ကလည်း အဖြစ်မခံနိုင်လို့ ဒီကနေ့ တောင်းဆိုနေတာပါ။ ပြန်ပို့မယ်၊ နေလို့ မရဘူးဆိုရင်လည်း ပြန်လာရုံပေါ့။ ဒါပေမယ့် ခုနကတုန်းက ပြောသလို အဲဒီလိုမျိုး အခြေအနေနဲ့ ဖမ်းဆီး ထိန်းသိမ်းပြီးတော့မှ Deportation (အဓမ္မပြန်ပို့တယ်) လုပ်တယ် ဆိုတာဟာ ရှင်းရှင်းပြောရရင် ပြည်နှင်ဒဏ်ပါ တခါတည်းပေးတာမျိုး မဖြစ်သင့်ဘဲနဲ့ ဆန္ဒအရ ပြန်တာမျိုး ဖြစ်စေချင်လို့ ကနေဒါ အစိုးရကို ဒီကနေ့ တောင်းဆိုတာ။ ကိုရဲရင့်ရဲ့ ဆန္ဒကို မေးပါ။ ကိုရဲရင့်က ပြန်ပါ့မယ်ဆိုရင် ပြန်ချင်တဲ့အတွက်ကို အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးတဲ့ အနေအထားမျိုး။ အဲဒါကိုလည်းပဲ မြန်မာနိုင်ငံတော် အစိုးရကနေ ပြီးတော့ ကြိုဆိုတာမျိုး။ အဲဒီ ပုံစံလေးကို Win – Win (နှစ်ဦး နှစ်ဖက် အဆင်ပြေတာမျိုး) ဖြစ်စေချင်လို့ ကျနော်တို့ ကြိုးစားနေတာ။ အဲဒါမျိုး မဖြစ်လာခဲ့ရင် ဘာလုပ်မလဲဆိုတော့ မဖြစ်ဖြစ်အောင်လို့၊ တွန်းတွန်းတိုက်တိုက်နဲ့ တကမ္ဘာလုံးမှာ ရှိနေတဲ့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ၊ လှုပ်ရှားခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း အကုန်လုံးက ဝိုင်းဝန်း ဆောင်ရွက်ကြမှာပါ။ ဒီကနေ့ကနေ စပြီးတော့ သံရုံး အသီးသီး ကိုလည်း ကျနော်တို့ စာပို့မယ်။ ဒါဟာ မသင့်လျော်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။ တရား မျှတမှု မရှိဘူးလို့တော့ မပြောချင်ဘူးပေါ့ဗျာ။ သို့သော် မသင့်လျော်ဘူး၊ ဂုဏ်သိက္ခာနဲ့ မညီဘူး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အင်မတန် စိုးရိမ်စရာ ကောင်းတယ်ဆိုတဲ့ အကြောင်းကိုတော့ သေသေချာချာ ပြောပြီးတော့ ဆောင်ရွက်သွားမှာပါ။ ကိစ္စရပ်တွေ တော်တော်များများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အောင်မြင်ရေး တခုထဲတင် မဟုတ်ဘူး။ ကမ္ဘာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာကိုက ကြီးမားတဲ့ သက်ရောက်မှု ဖြစ်သွားနိုင်တယ်ဗျ။ တကယ်လို့ ဒီလိုမျိုးသာ ခွဲခြားဆက်ဆံခြင်း ခံရမယ်ဆိုရင်၊ ဖိနှိပ် ဆက်ဆံခြင်း ခံရမယ်ဆိုရင် အထူးသဖြင့်တော့ မြန်မာနိုင်ငံတော် အစိုးရကတော့ ကျနော်တို့ တောင်းဆိုမှုကို လေးလေးနက်နက် လိုက်ပါ ဆောင်ရွက်လာမယ်လို့ ထင်ပါတယ်။ ကျနော် အဲဒီလိုပဲ ယုံကြည်တယ်။”

ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ကိုသန်းစိုးကို နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ကနေဒါအစိုးရနဲ့ လွှတ်တော်အမတ်တွေထံ လက်မှတ်ထိုး တောင်းဆို လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG