သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Frontier Myanmar အယ်ဒီတာ Danny Fenster သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရ


Frontier Myanmar သတင်းစာဆရာ Danny Fenster (ဓာတ်ပုံ - AP)
Frontier Myanmar သတင်းစာဆရာ Danny Fenster (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster နဲ့ တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ Bloomberg သတင်းဌာနက တရုတ်နိုင်ငံသား သတင်းထောက် Haze Fan တို့ကို ၂၀၂၁ ခုနှစ်အတွက် John Aubuchon သတင်းလွတ်လပ်ခွင့် ဆုရှင်တွေအဖြစ် အမေရိကန် သတင်းစာဆရာများအသင်း (The National Press Club) က ရွေးချယ်လိုက်ပါတယ်။

အခက်အခဲအမျိုးမျိုးကြားမှာ အမှန်တရားကိုဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက သတင်းထောက်တွေကို အမေရိကန် သတင်းစာဆရာများအသင်းက နှစ်စဉ် John Aubuchon ဆု ချီးမြှင့်လေ့ရှိပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလမှာ ကျင်းပမှာပါ။
Danny Fenster ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က မိသားစုရှိရာ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ ဒီထရွိုက်မြို့ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေတဆင့် ပြန်လာဖို့ ထွက်တဲ့အချိန် ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သူ့ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အင်တာနက် အွန်လိုင်းကတဆင့် နောက်ဆုံး ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တကယ်လို့ စစ်ကောင်စီတရားရုံးကနေ သူ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် သူဟာ ထောင်ဒဏ် သုံးနှစ်အထိကျခံရနိုင်ပါတယ်။

အမေရိကန်အစိုးရကတော့ Danny Fenster အပါအဝင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး တုန်လှုပ်ခြောက်ခြားမိတဲ့အကြောင်းနဲ့ သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှု မရှိဘဲ သတင်းတွေ လွတ်လွတ်လပ်လပ် တင်ပြခွင့် ရှိရမယ့်အကြောင်း ရန်ကုန် အမေရိကန် သံရုံးကလည်း မကြာသေးခင် ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG