သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လကမ္ဘာစူးစမ်းရေးယာဉ်သစ် လွှတ်တင်မယ့် အစီအစဉ် NASA ရွှေ့ဆိုင်း


(Zawgyi / Unicode)

လကမ္ဘာကို အာကာသယာဉ်မှူးတွေ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အမေရိကန် အာကာသ အေဂျင်စီ NASA က တနင်္လာနေ့မှာ လူမပါဘဲ စမ်းသပ် လွှတ်တင်ဖို့ စီစဉ်ထားတဲ့ ဒုံးပျံအသစ်ဟာ လောင်စာဆီယိုစိမ့်မှုတွေနဲ့ အင်ဂျင်ချို့ယွင်းမှုကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။ စက်ချို့ယွင်းမှု ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုရင်တော့ လာမဲ့ သောကြာနေ့မှာ လွှတ်တင်နိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

“မကောင်းမချင်း လွှတ်တင်မှာ မဟုတ်ပါဘူး။ သွားလို့လည်း မဖြစ်ပါဘူး။ လမ်းညွှန်ချက်တွေလည်း အတိအကျ ရှိပါတယ်” လို့ NASA အကြီးအကဲ Bill Nelson လွှတ်တင်မယ့် အစီအစဉ် ရွှေ့ရတဲ့အကြောင်းကို တနင်္လာနေ့က ရှင်းပြရာမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒုံးပျံလွှတ်တင်ဖို့ အရှိန်ရအောင်လုပ်ရတဲ့ အင်ဂျင်စက်မှာ လိုအပ်တဲ့ အပူချိန်ကို ထိန်းထားဖို့ အင်ဂျင်နီယာတွေ မလုပ်နိုင်ဘဲ ဖြစ်နေတာပါ။

ဒုံးပျံလွှတ်တင်မယ့် ဖလော်ရီဒါပြည်နယ် အရှေ့တောင်ပိုင်းက အာကာသစခန်းရှိရာ အနီးတဝိုက်မှာ တနင်္လာနေ့ အစောပိုင်းက မိုးကြိုးမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့သလို၊ လောင်စာဆီဖြည့်ရာမှာလည်း ယိုစိမ့်တဲ့ ပြဿနာနဲ့ ကြုံခဲ့ရပါတယ်။

NASA သမိုင်းမှာ အဆင့်အမြင့်ဆုံး ဒုံးပျံနဲ့ လွှတ်တင်မယ့် Orion အာကာသယာဉ်ရဲ့ အခုခရီးစဉ်မှာတော့ လူလိုက်ပါသွားမှာ မဟုတ်ပါဘူး။ သီတင်း ၆ ပတ်လောက်ကြာ စူးစမ်းရေးခရီးစဉ်မှာ Orion အာကာသယာဉ်ဟာ လကိုလှည့်ပတ်ပြီး ကမ္ဘာမြေကို ပြန်လည်ဆင်းသက်မှာပါ။ အခုစမ်းသပ်မှု အောင်မြင်ခဲ့ရင်တော့ အာကာသယာဉ်မှူးတွေ လိုက်ပါတဲ့ ခရီးစဉ်ကို ခန့်မှန်းခြေ ၂၀၂၄ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပြီး၊ လကမ္ဘာပေါ် ဆင်းသက်ဖို့ကိုတော့ ၂၀၂၅ ခုနှစ်ဆန်းပိုင်းလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG